မန္တလေးတိုင်းဒေသကြီးတွင် PDFအကြမ်းဖက်သမားများထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ဆရာမ ၁ ဦးနှင့် အရပ်သား ၂ ဦး ဒဏ်ရာရ

(မှုခင်း) ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးနှင့် စဉ့်ကူးမြို့နယ်တို့တွင် ဩဂုတ် ၂၃ ရက်က မိုင်းပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပညာရေးဝန်ထမ်း ဆရာမ ၁ ဦးနှင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဩဂုတ် ၂၃ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ အခြေခံပညာအထက်တန်းကျောင်းခွဲ (တောင်ဘီလေးကျေးရွာ)တွင် တာဝန်ထမ်းဆောင် လျက်ရှိ‌သော ဒုတိယအလယ်တန်းပြဆရာမဖြစ်သူ ဒေါ်သီသီသွယ်(၄၀)နှစ်သည် ၎င်းနေထိုင်သည့် ညောင်ဦးမြို့နယ်၊ သဲယာချောင်းကျေးရွာမှ တောင်ဘီလေးကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် သဲယာချောင်းကျေးရွာအနီး လမ်းပေါ်အရောက် လမ်းဘေးမှ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ညနေ ၅ နာရီ ၃၀ မိနစ်တွင် စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာနေ ဒေါ်မော်(၅၉)နှစ်သည် ၎င်း၏သားဖြစ်သူ ကိုဟိန်းထက်မိုးဦး(၂၉)နှစ်နှင့်အတူ နေအိမ်အနောက်ဘက်ရှိ စိုက်ခင်းခြံစည်းရိုးတိုင် အဟောင်းအား ပြန်လည်ပြုပြင်နေစဉ် အဆိုပါတိုင်အောက်ခြေမှ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်း တစ်လုံးအား ထိမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး စဉ့်ကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား နောက်ကွယ်မှ ငွေကြေး ထောက်ပံ့ကာ အများပြည်သူ သွားလာအသုံး ပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်း များကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။