


(မှုခင်း) ဩဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တို့ရှိ မြို့နယ်အချို့တွင် တရားမဝင် နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်နေသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က လောင်းကြေးငွေများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၂၄ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်နေ အောင်မြတ်မိုး(ခ)မှတ်ကြီး ၏ နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပြည်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးဇင်မင်းအောင် (၃၅)နှစ် နှင့် ဒေါ်ငြိမ်းထက်ငြိမ်း(ခ)ထက်ထက် (၃၄)နှစ် တို့ ၂ ဦးအား နှစ်လုံးထီလောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် အောင်မြတ်မိုး(ခ)မှတ်ကြီး၊ ဇင်မင်းအောင် နှင့် ငြိမ်းထက်ငြိမ်း(ခ)ထက်ထက် တို့ ၃ ဦးအား ပြည်မြို့မရဲစခန်း၌ (ပ)၇၄/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် အမှုဖွင့်ထားရှိပြီး ထွက်ပြေးလွတ်မြောက်နေသူ အောင်မြတ်မိုး(ခ)မှတ်ကြီး အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်မြို့နယ်၊ မြို့သစ်ရပ်ကွက်နေ ဒေါ်စုဝင်းမြတ် (၃၆)နှစ် ၏ နေအိမ်အား ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်တွင် နှစ်လုံးထီလောင်းကစား ပြုလုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စုဝင်းမြတ် အား ပြည်မြို့မရဲစခန်း၌ (ပ)၇၅/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
ထို့အတူ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သွေးသောက်ရပ်ကွက်နေ ဒေါ်ထက်ထက်စိုးမိုး (၃၂)နှစ် ၏ နေအိမ်၌ နှစ်လုံး၊ သုံးလုံးထီလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ မြိုင်သာယာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်ဧည့်ခန်းအတွင်း နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ထက်ထက်စိုးမိုး အား မြိုင်သာယာနယ်မြေရဲစခန်း၌ (ပ)၆၀/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် အသီးသီး အမှုဖွင့်လှစ်၍ ဥပဒေအတိုင်း အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။