
(နိုင်ငံတကာ) ဩဂုတ် ၂၆
ကမ္ဘောဒီးယားနိုင်ငံ တေကောပြည်နယ်၊ ဘတီခရိုင်၊ ချမ်ဘက်ကျေးရွာအုပ်စု၊ တနပ်ကျေးရွာရှိ အထည်အလိပ်စွန့်ပစ်ပစ္စည်း သိုလှောင်ရုံတစ်ခု ဩဂုတ် ၂၅ ရက် နံနက် ၁၁ နာရီ ၅ မိနစ်ခန့်တွင် မီးလောင်ကျွမ်းခဲ့ပြီး အထည်အလိပ်စွန့်ပစ်ပစ္စည်း တန်ချိန် ၃၀ ခန့်နှင့် သိုလှောင်ရုံအဆောက်အအုံ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အထည်အလိပ်စွန့်ပစ်ပစ္စည်းများ၏ တန်ဖိုး အမေရိကန်ဒေါ်လာ ၂,၀၀၀ ခန့်နှင့် သိုလှောင်ရုံအဆောက်အအုံတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ခန့်၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂,၀၀၀ ခန့် ဆုံးရှုံးခဲ့သည်။
မီးလောင်ခဲ့သည့် သိုလှောင်ရုံမှာ စတုရန်းမီတာ ၂၆၀ ခန့် ကျယ်ဝန်းပြီး သံဘောင်၊ အုတ်နံရံနှင့် သွပ်မိုးတို့ဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံဖြစ်ကြောင်း သိရသည်။
မီးငြှိမ်းသတ်ရေးအတွက် မီးသတ်ယာဉ် ၆ စီး အသုံးပြုခဲ့ပြီး ရေကုဗမီတာ ၁၀၂ ခန့်အသုံးပြု၍ မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ မီးသတ်တပ်ဖွဲ့ဝင်များက မီးသည် အနီးဝန်းကျင်ရှိ စက်ရုံများနှင့် အဆောက်အအုံများသို့ ကူးစက်မသွားစေရန် ထိန်းချုပ်ငြှိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါမီးလောင်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိခဲ့သည့်အပြင် အနီးဝန်းကျင်ရှိ ပစ္စည်းများလည်း ထပ်မံပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကိုအတည်ပြုနိုင်ခြင်းမရှိသေးဘဲ သက်ဆိုင်ရာ ကမ္ဘောဒီးယားအာဏာပိုင်များက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။