
(မှုခင်း) ဩဂုတ် ၂၄
ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၁၄/၂ နှင့် ၂၁၄/၃ ကြားတွင် ဩဂုတ် ၂၄ ရက် နံနက် ၀၀:၄၀ နာရီအချိန်ခန့်က Express ယာဉ်နှင့် Light Truck ယာဉ်တို့ တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်သည့် လမ်းပိုင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး 4M/8267 ရွှေစင်စင်္ကြာ ခရီးသည်တင် Express ယာဉ်သည် ယာဉ်မောင်းအပါအဝင် ကျား ၁၄ ဦး၊ မ ၁၁ ဦး စုစုပေါင်း ၂၅ ဦး လိုက်ပါကာ မောင်းနှင်လာစဉ် ရှေ့မှ လားရာတူ မောင်းနှင်နေသည့် ယာဉ်မောင်းအပါအဝင် ကျား ၃ ဦး၊ မ ၁ ဦး စုစုပေါင်း ၄ ဦး လိုက်ပါသည့် Mazda Bongo Light Truck ယာဉ်၏ အနောက်ဖက်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ် ၂ စီးလုံး လက်ဝဲဘက်ယာဉ်ကြောပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့ပြီး Express ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း Mazda Bongo Light Truck ယာဉ်ပေါ်ရှိ ကျား(၁)ဦးမှာအခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးပြီး ကျား(၁)ဦးနှင့် မ(၁)ဦးမှာ ထိခိုက်ဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။
အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့်မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးကြရန်လိုအပ်ပြီး ယာဉ်အမျိုးအစားအလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းကြပါရန်၊ မှန်လုံခရီးသည်တင်ယာဥ်ကြီးများ 90 km/hr၊ လူစီးယာဥ်ငယ်များမှာ 100 km/hr ၊ ကုန်တင်ယာဥ်+ပစ်ကပ်ယာဥ်များ မှာ 60km/hr နှုန်းသာအများဆုံးမောင်းနှင်ကြပါရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သတိပေးအပ်ထားကြောင်း သိရသည်။