(နိုင်ငံတကာ) ဩဂုတ် ၂၁
(၁၄) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဩဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ Virtual စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

ဩဂုတ် ၂၁ ရက်တွင် ကျင်းပသည့် (၁၄) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး၌ မြန်မာနိုင်ငံ၏ ၂၀၂၆-၂၀၃၀ အာဆီယံလူငယ်လုပ်ငန်းအစီအစဉ်နှင့်အညီ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ အာဆီယံဒေသအဆင့် ဆောင်ရွက်မည့်အစီအစဉ်များနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ ဆောင်ပုဒ်နှင့်စပ်လျဉ်း၍ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက ရှင်းလင်းဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် (၁၄) ကြိမ်နှင့် (၁၅) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများ၏ အစီရင်ခံစာများ၊ ၂၀၂၆-၂၀၃၀ အာဆီယံလူငယ်လုပ်ငန်းအစီအစဉ်၊ အာဆီယံကြေညာစာတမ်း၊ လူငယ်များ၏ ဒီဂျစ်တယ်ခံနိုင်ရည်စွမ်း မြှင့်တင်ရေးဆိုင်ရာ လူငယ်ထုတ်ပြန်ချက်နှင့် အစည်းအဝေးပူးတွဲထုတ်ပြန်ချက်များကို အတည်ပြုချမှတ်ခဲ့ကြသည်။
ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လူငယ်ရေးရာဝန်ကြီးများက နိုင်ငံအလိုက် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် (၁၀) ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လူငယ်ရေးရာဝန်ကြီးများနှင့် အပေါင်း ၃ နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ လူငယ်ရေးရာဝန်ကြီးများ တက်ရောက်ခဲ့ကြကာ အစည်းအဝေးပူးတွဲထုတ်ပြန်ချက်ကို အတည်ပြုချမှတ်ခဲ့သည်။
ယင်းအစည်းအဝေးတွင် လက်ရှိအာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ၂၀၂၇-၂၀၂၈ ခုနှစ်များအတွက် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို စင်ကာပူနိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးတွင်လည်း လက်ရှိပူးတွဲဥက္ကဋ္ဌများဖြစ်သည့် ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့က နောင်လာမည့် ပူးတွဲဥက္ကဋ္ဌများဖြစ်သည့် စင်ကာပူနှင့် ကိုရီးယားနိုင်ငံတို့ထံ တာဝန်များ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
အဆိုပါ ဝန်ကြီးများအဆင့် အစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများဖြစ်သည့် (၁၅) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် (၁၄) ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတို့ကို ဩဂုတ် ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ကျင်းပခဲ့ပြီး လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။