နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် 5G ဝန်ဆောင်မှု စမ်းသပ်အသုံးပြုနိုင်ပြီ

(နည်းပညာ) အောက်တိုဘာ ၂၉

နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် 5G ဆက်သွယ်ရေးနည်းပညာ ဝန်ဆောင်မှုများကို စမ်းသပ်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ 5G ကွန်ရက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်သွယ်ရေးစခန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ယနေ့တွင် ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်ရှိ ဆက်သွယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးစဉ် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများမှ တာဝန်ရှိသူများက 5G ကွန်ရက်တည်ဆောက်မှု၊ ကွန်ရက်လွှမ်းခြုံမှု တိုးချဲ့ရေးအစီအစဉ်များနှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဒုတိယဝန်ကြီးက 5G နည်းပညာသည် မြန်နှုန်းမြင့်ဒေတာဆက်သွယ်မှုနှင့် ဒီဂျစ်တယ်အခြေပြုဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါကြောင်း၊ ကွန်ရက်များ အကောင်အထည်ဖော်ရာတွင် နည်းပညာစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်၊ ကွန်ရက်တည်ငြိမ်မှုနှင့် ဝန်ဆောင်မှုအရည်အသွေး ပြည့်မီစေရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။

5G နည်းပညာ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ဒီဂျစ်တယ်စီးပွားရေး၊ စမတ်မြို့ပြဖွံ့ဖြိုးရေးနှင့် အင်တာနက်အခြေပြုဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာရေးအတွက် အထောက်အကူပြုနိုင်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Telegram – t.me/positiveanglenews

#PAN