(နိုင်ငံတကာ) အောက်တိုဘာ ၂၉
အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ရှိ Nasim City အိမ်ရာဝင်းအတွင်း အဆောက်အဦ ၁၄ လွှာမှ မြန်မာနိုင်ငံသား မမေဇင်ထွန်း ပြုတ်ကျသေဆုံးခဲ့မှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးနှင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများရရှိရေးအတွက် ကူဝိတ်မြို့ရှိ မြန်မာသံရုံးက အီရတ်အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။
မြန်မာသံရုံး၊ ကူဝိတ်မြို့သည် ကူဝိတ်နိုင်ငံရှိ အီရတ်သံရုံးမှတစ်ဆင့် အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆက်သွယ်ကာ တရားဥပဒေနှင့်အညီ အမှုမှန်ပေါ်ပေါက်ရေးနှင့် လိုအပ်သော ကူညီပံ့ပိုးမှုများ ရရှိရေးအတွက် ညှိနှိုင်းမေတ္တာရပ်ခံထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ကွယ်လွန်သူ၏ မိသားစုနှင့်လည်း တိုက်ရိုက်ဆက်သွယ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာသံရုံး၊ ကူဝိတ်မြို့သည် အီရတ်နိုင်ငံအတွက်ပါ ပူးတွဲတာဝန်ယူဆောင်ရွက်လျက်ရှိရာ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းရင်း အီရတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အီရတ်နိုင်ငံရှိ မြန်မာနိုင်ငံသားများအနေဖြင့် လိုအပ်သည့်ကိစ္စရပ်များအတွက် မြန်မာသံရုံး၊ ကူဝိတ်မြို့သို့ ဆက်သွယ်နိုင်ကြောင်းလည်း အသိပေးထားသည်။

Telegram – t.me/positiveanglenews
#PAN