(ပြည်တွင်း) ဩဂုတ် ၂၁
ချင်းပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့များရှိ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးအဆောက်အအုံများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပထမအဆင့် ပြန်လည်ပြုပြင်နေကြောင်း သိရသည်။

ဖလမ်းမြို့နယ်အတွင်း ဌာနဆိုင်ရာအဆောက်အအုံ ၂၀၈ လုံး ကို ပြန်လည်ပြုပြင်နေပြီး လုပ်ငန်း၏ ၁၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
တီးတိန်မြို့တွင်လည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး လက်ထောက်ညွှန်ကြားရေးမှူးနေအိမ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း KG ကျောင်းဆောင်တို့အပါအဝင် ဌာန ၉ ခုမှ အဆောက်အအုံ ၂၇ လုံး ကို ပြုပြင်နေပြီး ၄၈ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
တွန်းဇံမြို့တွင်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လျှပ်စစ်ရုံးနှင့် ဝန်ထမ်းအိမ်ရာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံဝန်ထမ်းအိမ်ရာနှင့် Cyclone Shelter တို့အပါအဝင် ဌာနဆိုင်ရာအဆောက်အအုံ ၄၂ လုံး ကို ပြန်လည်ပြုပြင်နေပြီး လုပ်ငန်းအားလုံး၏ ၁၆ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
ယင်းသို့ ပြန်လည်ပြုပြင်နေမှုများကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အပြင် ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးတွင် 6 kW ဆိုလာလျှပ်စစ်စနစ် တပ်ဆင်အသုံးပြု၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ခရိုင်နှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့က ကျင်းပသည့် စံပြမိခင်ပြိုင်ပွဲနှင့် အသက် ၂ နှစ်အောက် စံပြကလေးပြိုင်ပွဲကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့်စွက်စာများနှင့် ကလေးများအတွက် အရုပ်နှင့် ကစားစရာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ယမန်နေ့ကလည်း ဖလမ်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံး၊ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။