(မှုခင်း) ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ မော်တော်ယာဉ်များကို ကားသော့အတုအသုံးပြု၍ ခိုးယူခဲ့သူ အမျိုးသားတစ်ဦးကို သက်သေခံယာဉ် ၆ စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ လှိုင်မြို့နယ် အမှတ်(၃)ရပ်ကွက်နေ အသက် ၅၆ နှစ်အရွယ် ဦးစိုးခိုင်ဦး၏ TOYOTA TOYOACE LYZ 30 LIGHT TRUCK ယာဉ်ကို ဩဂုတ် ၁၁ ရက် ညပိုင်းတွင် အေးရိပ်မွန်(၂)လမ်းနှင့် ရတနာမွန်(၅)လမ်းထောင့်၌ ညအိပ်ရပ်ထားခဲ့ရာ ဩဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် ယာဉ်ပျောက်ဆုံးနေသဖြင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်။
ယင်းအမှုကို ပိတောက်ချောင်းနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စုံစမ်းဖော်ထုတ်မှုများအရ ယာဉ်ခိုးယူသူအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် အင်းတကော်ကျေးရွာနေ စိုးသန်း (ခ) ကိုကိုလေး၊ အသက် ၅၃ နှစ်ကို ဩဂုတ် ၁၈ ရက် ညပိုင်းတွင် လှိုင်မြို့နယ် အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းသွယ်(၂)လမ်းရှိ ဟိုတယ်တစ်ခု၏ အခန်း၌ ဖမ်းဆီးရမိခဲ့သည်။
တရားခံအား စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ် ၉၊ ၁၀၊ ၁၃ နှင့် ၁၄ ရက်များတွင် ရန်ကုန်မြို့အတွင်းမှ အခြားယာဉ် ၅ စီးကိုလည်း ကားသော့အတုများ အသုံးပြု၍ ခိုးယူခဲ့ကြောင်း သိရပြီး ခိုးယူထားသည့် သက်သေခံယာဉ်များကိုပါ သိမ်းဆည်းရမိခဲ့သည်။
တရားခံ၏ ထွက်ဆိုချက်အရ ၎င်းသည် ဩဂုတ် ၉ ရက်မှစတင်၍ မရမ်းကုန်းမြို့နယ် ကျန်စစ်သားလမ်းရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်ကာ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့မှ ရပ်တန့်ထားသည့် မော်တော်ယာဉ်များကို လိုက်လံကြည့်ရှုခဲ့ပြီး ကားသော့အတုများဖြင့် ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခိုးယူရရှိသည့် ယာဉ်များမှ ဆီများထုတ်ယူရောင်းချခြင်း၊ ကားဘက်ထရီနှင့် ကားဘီးများ ဖြုတ်ယူရောင်းချခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
လက်ရှိတွင် ယာဉ် ၆ စီးခိုးယူခဲ့သူ စိုးသန်း (ခ) ကိုကိုလေးကို သက်သေခံယာဉ်များနှင့်အတူ ဖမ်းဆီးရမိထားပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။