ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၂၃ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

(မှုခင်း) သြဂုတ် ၂၁

ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၂၃ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

သြဂုတ်လ ၂၀ရက်နေ့ နံနက်ပိုင်းအချိန်က ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ပြုလုပ်သူများသည် ယာယီလူနေတဲများ ဆောက်လုပ်၍ အခြေပြုခိုအောင်းလုပ်ကိုင်လျက်ရှိကြောင်း တာဝန်သိဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းများက သတင်းကွင်းဆက်ရယူဖော်ထုတ်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို အဆင့်ဆင့်အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့ရာ ကျေးသီးမြို့နယ် ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် မီတာ ၉၉၀၀ ခန့် အကွာ၊ ပုံလုံကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၉၀၀ ခန့် အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ၁၀ ဦးတို့အား အွန်လိုင်းလိမ်လည်လောင်းကစား မှုကျူးလွန်ရာတွင် အသုံးပြုသည့် ယာယီလူနေမိုးကာတဲ နှစ်လုံး၊ ယာယီအလုပ်ရုံမိုးကာတဲတစ်လုံး၊ ယာယီစားချက်ဆောင်မိုးကာတဲ တစ်လုံး၊ StarLink လေးစုံ၊ ဖုန်း မျိုးစုံ ၂၆ လုံး၊ Tablet နှစ်လုံး၊ Laptop တစ်လုံး၊ Network လိုင်းခွဲ Box ရှစ်ခု၊ Wifi စက် ၁၂ ခု၊ ငွေဖြတ်စက် လေးလုံး၊ မီးစက် (အကြီး) တစ်လုံး၊ ရေခဲ သေတ္တာ နှစ်လုံး၊ ဆက်စပ်ပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက အဆိုပါဝန်းကျင်တစ်ဝိုက် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေခြင်း မရှိစေရေး နယ်မြေလုံခြုံရေးလုပ်ငန်းများ စနစ်တကျဆက်လက်ဆောင်ရွက်ခဲ့ရာ ပုံလုံကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၃၀၀၀ ခန့်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသားခြောက်ဦးအားလည်းကောင်း၊ ပုံလုံကျေးရွာ၏ မြောက်ဘက် မီတာ ၃၉၀၀ ခန့်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ခုနစ်ဦးတို့ အားလည်းကောင်း ထပ်မံဖမ်းဆီးရရှိခဲ့ပြီး စုစုပေါင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၂၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများအား စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် တရားမဝင်ဆောက်လုပ်ထားသည့် လူနေတဲများနှင့် လုပ်ငန်းသုံး တဲများကိုလည်း စနစ်တကျဖြိုချဖျက်ဆီးသွားမည်ဖြစ် ကြောင်းနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချလုပ်ကိုင်နိုင်ခြင်း မရှိစေရေးနှင့် အပြီးတိုင်ပပျောက်စေရေးတို့အတွက် အမြစ်ပြတ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် အထူးအလေးထား၍ တက်ကြွစွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။