နှစ်အတန်ကြာ လျှပ်စစ်မီးမရခဲ့တဲ့ စစ်တွေမြို့မှာ လာမယ့်စက်တင်ဘာလကစလို့ အချိန်ပိုင်းလျှပ်စစ်မီး ရတော့မည်

(ပြည်တွင်း) ဩဂုတ် ၂၁

ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၂၃ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တကျော့ပြန်တိုက်ပွဲွေကြောင့် စစ်တွေမြို့အပါအဝင် အခြားမြို့တွေမှာ လျှပ်စစ်ဓာတ်အား ြပတ်တောက်သွားတာ လက်ရှိအချိန်ထိ ဖြစ်ပါတယ်။

အခုလို နှစ်အတန်ကြာ လျှပ်စစ်မီးမရခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေကို အချိန်ပိုင်းလျှပ်စစ်မီး ပေးနိုင်ဖို့ ရခိုင်ပြည်နယ်အစိုးရက လုပ်ဆောင်နေပါတယ်။

စစ်တွေမြို့ကို အချိန်ပိုင်းလျှပ်စစ်မီးပေးနိုင်ရေး ပြည်နယ်အစိုးရရဲ့ စီစဉ်မှုနဲ့ မီးစက်နှစ်လုံးမှာ စစ်တွေမြို့ကို ဩဂုတ်လ ၂၀ ရက်နေ့ မနေ့က နေ့လယ်ပိုင်းက ရောက်ရှိလာခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

စစ်တွေမြို့ပေါ်ရပ်ကွက်တွေကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးဖို့ 500 KVA နဲ့ 300 KVA ဒီဇယ်ဓာတ်အားပေးမီးစက် ၂ လုံးကို ရတနာပန်းတောင်းရေယာဉ်နဲ့ သယ်ဆောင်လာခဲ့ပြီး စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်းကို ရောက်ခဲ့ရှိတာဖြစ်တယ်လို့ အစိုးရထုတ် သတင်းတွေမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရတနာပန်းတောင်းရေယာဉ်နဲ့ ပါလာတဲ့ မီးစက်တွေ၊ အခြေခံစားကုန်တွေ၊ ဆန်နဲ့ စက်သုံးဆီတွေကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးဟာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ရောက်ရှိနေတဲ့ ဒီမီးစက်တွေကို မကျည်းမြိုင်ရပ်ကွက်မှာ ထားရှိသွားမှာဖြစ်ပြီး မြို့ပေါ်ရပ်ကွက်တွေကို အခုလာမယ့်စက်တင်ဘာလကနေစလို့ လျှပ်စစ်ဓာတ်အားတွေ အချိန်ပိုင်းစနစ်နဲ့ ထုတ်လွှတ်ပေးသွား စီစဉ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

အချိန်ပိုင်းပေးမှု ဇယားအနေနဲ့ နေ့စဉ် မနက် ၆ နာရီက ၁၀ နာရီအထိ တစ်ကြိမ်၊ ညနေ ၆ နာရီက ၈ နာရီအထိ တစ်ကြိမ်ပေးသွားဖြစ်တာကြောင့် တစ်ကြိမ်ပေးရင် ၄ နာရီနှုန်းနဲ့ တစ်နေ့ကို နှစ်ကြိမ် ပေးဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့လည်း သိရတာ ဖြစ်ပါတယ်။

အခုလို လျှပ်စစ်မီး ပေးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဇူလိုင်လ ၂၄ ရက်နေ့ကစလို့ စစ်တွေမြို့ပေါ်က လျှပ်စစ်မီးကြိုးတွေကို လိုက်လံစစ်ဆေးကာ လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် ပြင်ဆင်မှုတွေလုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

အခုပြင်ဆင်ခဲ့ပြီးနောက် လျှပ်စစ်မီးစက် ၂ မှာလည်း စစ်တွေကို ရောက်ရှိလာပြီဖြစ်ရာ လာမယ့် စက်တင်ဘာလမှာ လျှပ်စစ်မီးပေးသွားဖို့ စီစဉ်နေတာဖြစ်ပြီး လျှပ်စစ်မီတာခအနေနဲ့ တစ်ယူနစ်ကို ကျပ် ၁,၅၀၀ ကောက်ခံသွားဖို့ ရှိနေတယ်လို့လည်း သိရတာ ဖြစ်ပါတယ်။