
(နိုင်ငံတကာ) ဇူလိုင် ၁၀
အာရှဒေသတွင်းသို့ တိုင်ဖွန်းမုန်တိုင်း ဘားဗီ (Bavi) ဦးတည်ရွေ့လျားနေစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းဒေသများ၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်သတင်းအေဂျင်စီနှင့် ဒေသတွင်းမီဒီယာများက ဖော်ပြသည်။
သောကြာနေ့ နံနက်အစောပိုင်းက မင်ဒါနာအိုကျွန်း၊ ဆာရန်ဂါနီ(Sarangani)ပြည်နယ်၊ မာလာပါတန်မြို့နယ်တွင် ကြီးမားသော မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများအနက် အချို့မှာ မိသားစုဝင် ဆွေမျိုးများဖြစ်ကြကြောင်း မာလာပါတန်မြို့တော်ဝန်က အတည်ပြုပြောကြားပြီး မိုးဆက် လက်ရွာသွန်းနေ၍ ရွာသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေရသည်။ ထို့ပြင် လာနာအိုဒယ်ဆာ (Lanao del Sur) ပြည်နယ်တွင်လည်း အခြားမြေပြိုမှုတစ်ခုကြောင့် လူ ၅ ဦး ထက်မနည်း သေဆုံးခဲ့ရသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ‘အင်ဒေး’ (Inday) ဟု အမည်ပေးထားသည့် အဆိုပါမုန်တိုင်းသည် ဖိလစ်ပိုင်ပင်လယ်ပြင်ကို ဖြတ်သန်းစဉ် အားပျော့သွားခဲ့ပြီး ဖိလစ်ပိုင်ကုန်းတွင်းပိုင်းသို့ တိုက်ရိုက်ဝင်ရောက်မည်မဟုတ်သော်လည်း မုန်တိုင်း၏ အမြီးပိုင်းအရှိန်ကြောင့် မြို့တော်မနီလာအပါအဝင် နေရာအနှံ့အပြားတွင် မိုးကြီးခြင်းနှင့် ရေလျှံခြင်းများ ကြုံတွေ့နေရကြောင်း ဖိလစ်ပိုင် မိုးလေ ဝသဌာန (PAGASA) က သတိပေးထားသည်။
အဆိုပါ ဆူပါတိုင်ဖွန်းမုန်တိုင်းသည် တနင်္လာနေ့က အမေရိကန်၏ ပစိဖိတ်နယ်မြေများဖြစ်သည့် ဂူအမ် (Guam)နှင့် မြောက်ပိုင်း မာရီယာနာကျွန်းစု (Northern Mariana Islands)တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အခြေခံအဆောက် အအုံများ ပျက်စီးခဲ့သော်လည်း လူသေဆုံးမှု မရှိခဲ့ပေ။
ယခုအခါ မုန်တိုင်းသည် ဒေသတွင်း အခြားနိုင်ငံများဆီသို့ ဦးတည်ရွေ့လျားလာနေသဖြင့် နေရပ်စွန့်ခွာခြင်းနှင့် အခြားပြင် ဆင်မှုများ လုပ်ဆောင်လျက်ရှိသည်။
ဘားဗီမုန်တိုင်းသည် တရုတ်နိုင်ငံသို့ မဝင်ရောက်မီ စနေနေ့တွင် ထိုင်ဝမ်၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများအပြင် ဂျပန်နိုင်ငံ၏ အစိတ်အပိုင်းအချို့တွင် မိုးသည်း ထန်စွာ ရွာသွန်းစေမည်ဟု ခန့်မှန်းထားသည်။
ထိုင်ဝမ်၏ အစိတ်အပိုင်းအချို့တွင် မုန်တိုင်းမဝင်ရောက်မီ ကြိုတင်ပြင်ဆင်မှုများအဖြစ် လူရာပေါင်းများစွာကို ၎င်းတို့၏ နေအိမ်များမှ ရွှေ့ပြောင်းပေးခဲ့ပြီး ကျောင်းများနှင့် ရုံးဌာနများကို ပိတ်ထားလိုက်ပြီဖြစ်သည်။
သောကြာနေ့ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ၏ ကမ်းရိုးတန်းဒေသဖြစ်သော အိရှိကာဝါ (Ishikawa) စီရင်စုတွင် မိုးသည်း ထန်စွာ ရွာသွန်းခဲ့ပြီး လူအများအပြားကလည်း ပိုမိုပြင်းထန်သော မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံတောင်ပိုင်းသည် ဤအပတ်အစောပိုင်းက ဝင်ရောက်ခဲ့သော မေဆက် (Maysak) တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ နန်နင်းမြို့တွင် ဆည်တစ်ခု ပျက်စီးမှုကြောင့် လူပေါင်း ၃၉ ဦး သေဆုံးခဲ့ရပြီး ယခုတိုင် ထိုဘေးအန္တရာယ်မှ ပြန်လည်နာလန်ထူရန် ကြိုးပမ်းနေဆဲဖြစ်သည်။
Telegram»… https://t.me/positiveanglenews
#PAN