အမေရိကန်နှင့် အီရန်တို့ အပြန်အလှန် တိုက်ခိုက်ပြီးနောက် “အပစ်ရပ်ရေး သဘော တူညီချက် ပြီးဆုံးသွားပြီ” ဟု ထရန့် ပြောကြားး

(နိုင်ငံတကာ) ဇူလိုင် ၈

     အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ပင်လယ် ကွေ့ဒေသတွင်း စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုများ အကြီး အကျယ် ပြန်လည်ဖြစ်ပွားလာပြီးနောက်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် “ပြီးဆုံးသွားပြီ” ဟု တရားဝင် ပြောကြားလိုက်သည်။           

သမ္မတထရန့်က အီရန်ခေါင်းဆောင်များကို “စိတ်ဝေဒနာရှင်များ” နှင့် “လူမိုက်များ” ဟု ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပြီး ၎င်းတို့နှင့် ထပ်မံပတ်သက်လိုစိတ် မရှိတော့ကြောင်း တူရကီနိုင်ငံ အင်ကာရာမြို့တွင် ကျင်းပနေသည့် နေတိုး (NATO) ထိပ်သီးအစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့သည်။

     ယခု သမ္မတထရန့်၏ တင်းမာသော ပြောကြားချက်များ သည် နှစ်ဖက်စစ်တပ်အကြား အပြန်အလှန် တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ကမ္ဘာ့ရေနံရောင်းဝယ်မှု၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားအတွင်း ကုန်သွယ်ရေးနှင့် ရေနံ တင်သင်္ဘော ၃ စီး တိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က အီရန်နိုင်ငံတောင်ပိုင်းရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ် ၈၀ ကျော်ကို “ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ” ပြုလုပ်ခဲ့သည်။          

     အမေရိကန်၏ တိုက်ခိုက်မှုသည် အီရန်ရေနံစိမ်း ရောင်းချခွင့်ပြုထားသည့် ယာယီကင်းလွတ်ခွင့်ကို ပယ်ဖျက်ကြောင်း ဝါရှင်တန်က ကြေညာအပြီး နာရီပိုင်းအလိုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။                      

     အမေရိကန်၏ ဗုံးကြဲမှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကလည်း ဘာရိန်းနှင့် ကူဝိတ်နိုင်ငံတို့တွင် အခြေစိုက်ထားသည့် အမေရိကန်စစ်ဘက်ဆိုင်ရာ စခန်းပေါင်း ၈၅ ခုကို ဒရုန်းနှင့် ဒုံးကျည်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။

     ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့၏ ပူးတွဲတိုက်ခိုက်မှုကြောင့် အီရန်၏ အဓိပတိခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ လုပ်ကြံခံခဲ့ရပြီးနောက် စစ်ပွဲဖြစ်ပွားခဲ့ရာမှ ဧပြီလတွင် အပစ်ရပ်ခဲ့ကြခြင်း ဖြစ်သည်။ ဇွန်လ ၁၇ ရက်နေ့ကမှ ရက်ပေါင်း ၆၀ ထပ်မံသက်တမ်းတိုးရန် နှစ်ဦးဘနှစ်ဖက် နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးခဲ့ကြသော် လည်း ၃ ပတ်အကြာတွင် စာ ချုပ်မှာ ပြိုကွဲသွားခဲ့ရသည်။ သို့ သော်လည်း ထရန့်က အပစ်ရပ်ရေး ပြီးဆုံးပြီဟု ဆိုသော်ငြား အမေရိကန်ညှိနှိုင်းရေးမှူးများကို အီရန်နှင့် ဆက်လက်ဆွေးနွေးခွင့် ပြုထားဆဲဖြစ်သည်။

     အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စခန်းများကို တိုက် ခိုက်ခဲ့မှုအပေါ် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အထွေထွေအတွင်းရေးမှူးချုပ် မိုဟာမက် အယ်လ်ဘူဒိုင်းဝီက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ပြီး၊ ယင်းသည် နိုင်ငံတကာ ဥပဒေနှင့် အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဆိုသည်။                    

   စွမ်းအင်နှင့် စီးပွားရေးအရ ထိခိုက်မှုများ ရှိလာနိုင်သဖြင့် ပင်လယ်ကွေ့နိုင်ငံများ (GCC) အနေဖြင့် စစ်မီးပိုမိုမကူးစက်စေရန် အမေရိကန်နှင့် အီရန်တို့ကို ဆွေးနွေးပွဲစားပွဲဝိုင်းဆီ ပြန် လည်ခေါ်ဆောင်နိုင်ရေး သံတမန်ရေးရာနည်းလမ်းဖြင့် အပြင်း အထန် တွန်းအားပေးသွားဖွယ် ရှိနေသည်။           

Telegram»…
https://t.me/positiveanglenews

#PAN