
(နိုင်ငံတကာ) ဇူလိုင် ၈
အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား စစ်ရေးအရ အပြန်အလှန်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်ကို အသက်ရှူချောင်စေခဲ့သည့် ယာယီအပစ်ရပ်ရေး MoU ပျက်ပြားမည့်အရေး ကြုံတွေ့နေရပြီး ကမ္ဘာ့ရေနံဈေးနှုန်းများ ပြန်လည်ထိုးတက်လာကြောင်း သိရသည်။
နိုင်ငံတကာ အဓိကစံနှုန်းဖြစ်သော ဘရန့်ဒ်ရေနံစိမ်း (Brent crude) ဈေးနှုန်းသည် ဗုဒ္ဓဟူးနေ့တွင် ၃ ရာခိုင်နှုန်းကျော် ရုတ် တရက် မြင့်တက်လာခဲ့ပြီး စစ်မဖြစ်မီက ပုံမှန်အဆင့်သို့ ပြန် လည်ကျဆင်းနေသည့် ရေနံဈေးကွက်အခြေ အနေကို ပြောင်း ပြန်လှန်ပစ်ခဲ့သည်။
IG Australia မှ အကြီးတန်း စျေးကွက်လေ့လာဆန်းစစ်သူ တိုနီ ဆီကာမော (Tony Sycamore) ၏ အဆိုအရ ပြီးခဲ့သည့် ဇွန်လက နှစ်နိုင်ငံချုပ်ဆိုခဲ့သည့် နားလည်မှုစာချွန်လွှာ (MoU) တွင် ဟော်မုဇ်ရေလက်ကြားအပေါ် မည်သူက ထိန်းချုပ်ပိုင်ခွင့်ရှိသလဲဆိုသည့် အသုံးအနှုန်းကို တမင် တကာ ဝေဝါးအောင် ရေးသားထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရေလက်ကြားသည် အပြည်ပြည်ဆိုင်ရာ ရေလမ်း ကြောင်းဖြစ်သလား သို့မဟုတ် အီရန်၏ ရေပိုင်နက်လား ဆိုသည့်အချက်ကို အမေရိကန်နှင့် အီရန်တို့အကြား အပြည့်အဝ ဖြေရှင်းနိုင်ခဲ့ခြင်း မရှိဘဲ ယခုကဲ့သို့ စစ်ရေးတင်းမာမှုများ ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။
“ဒီမနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ တင်းမာမှုကို ချက်ချင်းအဆုံးသတ်သွားစေမလား၊ ဒါမှမဟုတ် အီရန်က ရေလက်ကြားအပေါ် ၎င်းတို့ရဲ့ ဩဇာ အာဏာကို ဆက်ပြပြီး စစ်ပွဲကို ပိုကျယ်ပြန့်အောင် လုပ်မလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပြီး အနည်းဆုံးတော့ စျေးကွက်ကတော့ ဆက်လက်စိုးရိမ်ပူပန်နေရဦးမှာပါ” ဟု ဆီကာမောက ဆိုသည်။
ယခု ရေနံဈေးနှုန်းများ ထိုးတက်လာခြင်းသည် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အီရန်ရေနံအပေါ် ချမှတ်ထားသည့် ရက်ပေါင်း ၆၀ ကြာ ပိတ်ဆို့အရေးယူမှု ကင်းလွတ်ခွင့်ကို အင်္ဂါ နေ့နှောင်းပိုင်းတွင် ရုတ်တရက် ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယခင်က ဩဂုတ်လ ၂၁ ရက်အထိ အီရန်ရေနံကို ရောင်းချခွင့်ပြုခဲ့သော်လည်း အမိန့်သစ်အရ လာမည့် ဇူလိုင်လ ၁၇ ရက် နောက်ပိုင်းတွင် မည်သည့်အရောင်းအဝယ်ကိုမျှ ခွင့်ပြုတော့မည်မဟုတ်သည့်အပြင် ဝယ်ယူမှုအသစ် သို့မဟုတ် သင်္ဘောပေါ်သို့ ကုန်တင်ခြင်းများကိုပါ ပယ်ဖျက်လိုက်သည်။
MST Marquee မှ စွမ်းအင်သုတေသနအကြီးအကဲ ဆောလ် ကာဗွန်နစ် (Saul Kavonic) က ဟော်မုဇ်ရေလက်ကြားအတွင်း အန္တရာယ်ရှိသောအခြေအနေများ ဆက်ရှိနေခြင်းနှင့် နိုင်ငံတကာ၏ အရေးပေါ်ရေနံသိုလှောင်မှုများ ထုတ်လွှတ်ပေးနေခြင်း ကုန်ဆုံးလုနီးပါးဖြစ်နေခြင်းတို့ကြောင့် ရေနံဈေးနှုန်းများ ဆက်လက်မြင့်မားနေလိမ့်မည်ဟု သုံးသပ်ထားသည်။
၎င်းက “အီရန်ဟာ ဟော်မုဇ်ရေလက်ကြားအပေါ် ၎င်းတို့ရဲ့ ထိန်းချုပ်မှုကို ပိုမိုခိုင်မာအောင်လုပ်ဖို့ လုံးဝရည်ရွယ်ထားပြီး ဒါဟာ အမေရိကန်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေအတွက် လက်ခံနိုင်စရာမရှိပါဘူး။ ရေလက်ကြား ဖြတ်သန်းသွားလာမှုဟာ စစ်မဖြစ်မီကထက် ၅၀ ရာခိုင်နှုန်းအောက် လပေါင်းများစွာကြာ ဆက်ရှိနေနိုင်ပြီး ပဋိပက္ခတွေ ခဏခဏ ပြန်ပြင်းထန်လာနိုင်ပါတယ်” ဟု အယ်လ်ဂျာဇီးယားသို့ ပြောကြားခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN