(မှုခင်း)ဇူလိုင် ၈
ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ယနေ့နံနက်ပိုင်းက မီးလောင်မှုနှစ်ခု သီးခြားဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပထမဖြစ်စဉ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့၊ အမှတ် (၆) ရပ်ကွက်၊ နောင်ခိုင်အထွက်လမ်းရှိ ပရိဘောဂစက်ရုံတွင် နံနက် ၄ နာရီခွဲခန့်က မီးလောင်ခဲ့ခြင်းဖြစ်သည်။

တန့်ယန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားသည်။

အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဟိုနားလားဟူကျေးရွာရှိ နေအိမ်တစ်လုံးတွင် နံနက် ၂ နာရီခွဲခန့်က မီးလောင်ခဲ့သည်။ မိုင်းဖြတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံများ ပူးပေါင်းငြှိမ်းသတ်ရာ နံနက် ၃ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။မီးလောင်မှုနှစ်ခုစလုံးတွင် လူထိခိုက်ဒဏ်ရာရသေဆုံးမှုမရှိခဲ့ဘဲ မီးလောင်ရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုများကို ဆက်လက်စစ်ဆေးလျက်ရှိသည်။
#PAN