
(ပြည်တွင်း) ဇူလိုင် ၈
မြန်မာနိုင်ငံ – ဘယ်လာရုစ် နှစ်နိုင်ငံအကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်ကို အတည်ပြုခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ထို ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်ကို ဒီကနေ့ ဇူလိုင်လ ၈ ရက်နေ့ကစတင်ပြီး တရားဝင် အသက်ဝင်ပြီဖြစ်တယ်လို့ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယမန်နေ့က အသိပေးကြေညာချက်တစ်စောင် ကြိုတင်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာအစိုးရနဲ့ ဘယ်လာရုစ်အစိုးရတို့အကြား ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် ပေးရေးဆိုင်ရာ သဘောတူစာချုပ်အရ နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ကို ဒီကနေ့မှာ တရားဝင် စတင်အသက်ဝင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ထိုသဘောတူညီချက်အရ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံက သက်တမ်းရှိ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ နိုင်ငံသားတွေဟာ တစ်ဖက်စာချုပ်ဝင်နိုင်ငံနယ်မြေအတွင်း အိမ်ရှင်နိုင်ငံရဲ့ တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီနေရင် ရက်ပေါင်း ၃၀ ဗီဇာကင်းလွတ်ခွင့်နဲ့ နေထိုင်ခွင့် ရရှိမှာဖြစ်ပြီး ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း တစ်ဖက်စာချုပ်ဝင်နိုင်ငံ ပိုင်နက်နယ်မြေမှာ ရက်ပေါင်း ၉၀ အထိ နေထိုင်ခွင့် ရရှိမှာဖြစ်တယ်ဆို အသိပေးကြေညာခဲ့တာ ဖြစ်ပါတယ်။
နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် အတည်မပြုမီ တစ်ပတ်ခန့် ဇူလိုင်လ ၂ ရက်နေ့က မြန်မာသမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှင်ကိုဟာ နေပြည်တော် သို့ အထူးလေယာဉ်ဖြင့် အလုပ်သဘောခရီးစဉ် လာရောက်ခဲ့တာလည်း ရှိခဲ့တာဖြစ်ပါတယ်။
ထိုခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံအကြား ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စက်မှုကဏ္ဍ (အထူးသဖြင့် လယ်ထွန်စက်နှင့် မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရေး)တွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို သိရပါတယ်။