
(နိုင်ငံတကာ) ဇူလိုင် ၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တူရကီနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပိတ် ဆို့အရေးယူမှု (Sanctions) များကို ရုပ်သိမ်းပေးသွားမည်ဖြစ်ပြီး၊ ရပ်ဆိုင်းထားသည့် ပဉ္စမမျိုးဆက် F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ ပြန်လည်ရောင်းချပေးမည့်ကိစ္စကိုလည်း မကြာမီ အတည်ပြုဆုံး ဖြတ်သွားမည်ဟု အဓိကကျသော သံတမန်ရေးရာ အလှည့်အပြောင်းတစ်ခုအဖြစ် ထုတ်ဖော်ကြေညာလိုက်သည်။
တူရကီနိုင်ငံ၊ အန်ကာရာမြို့တွင် ကျင်းပလျက်ရှိသည့် နေတိုး (NATO) ထိပ်သီးအစည်းအဝေး ဘေးပန်းအစီအစဉ်အဖြစ် တူရကီသမ္မတ ရီဆက်ပ် တိုင်ယစ်ပ် အာဒိုဂန်နှင့် တွေ့ဆုံအပြီးတွင် သမ္မတထရမ့်က သတင်းထောက်များကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် တူရကီအစိုးရက ရုရှားနိုင်ငံထုတ် S-400 လေကြောင်းကာကွယ်ရေးစနစ်များကို ဝယ်ယူတပ်ဆင်ခဲ့ခြင်းကြောင့် ဝါရှင်တန်နှင့် ဆက်ဆံရေးတင်းမာကာ အမေရိကန်က တူရကီအား F-35 ပူးတွဲထုတ်လုပ်ရေးစီမံကိန်းမှ ထုတ်ပယ်ခဲ့သည်။ ထို့အပြင် “အမေရိကန်၏ ရန်သူများကို ပိတ်ဆို့အရေးယူမှုဖြင့် တုံ့ပြန်ခြင်းအက်ဥ ပဒေ”(CAATSA)အရ တူရကီကာကွယ် ရေးလုပ်ငန်းများကို အမေရိကန်ပို့ကုန်လိုင်စင် ပိတ်ပင်ခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။
သမ္မတထရမ့်က “ကျွန်တော်တို့ တူရကီအပေါ်ချထားတဲ့ ပိတ် ဆို့အရေးယူမှုတွေကို ဖယ်ရှားပေးသွားမှာပါ” ဟု ပြောကြားခဲ့ပြီး၊ F-35 နှင့်ပတ်သက်၍လည်း “ဒါက ကမ္ဘာမှာ လက်ရှိအချိန်ထိ အကောင်းဆုံးလေယာဉ်ဖြစ်လို့ တူရကီကို ပြန်လည်ရောင်းချဖို့ သေချာပေါက် အလေးအနက် စဉ်းစားသွားမှာပါ” ဟု ဆိုသည်။
သို့သော် တူရကီကို F-35 စီမံကိန်းသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုရန်အတွက် အန်ကာရာအနေဖြင့် ရုရှား S-400 စနစ်များကို ဆက်လက်ပိုင်ဆိုင်ခြင်း သို့မဟုတ် အသုံးပြုခြင်းမရှိတော့ကြောင်း အမေရိကန်အစိုးရက သက်ေသပြရမည့် ၂၀၂၀ ပြည့်နှစ် အမေရိကန်ဥပဒေကို ကျော်လွှားရန် လိုအပ်ဦးမည် ဖြစ် သည်။
ထရမ့်နှင့် အာဒိုဂန်တို့၏ တွေ့ဆုံမှု မတိုင်မီ တနင်္လာနေ့က အစ္စ ရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက Fox News မှတစ် ဆင့် “တူရကီကို F-35 တွေ ရောင်းချပေးခြင်းက အရှေ့အလယ်ပိုင်းမှာ အစ္စရေးရဲ့ လေကြောင်းအသာစီးရမှုကို ထိခိုက်စေပြီး ဒေသတွင်း အင်အားချိန်ခွင်လျှာကို ပျက်ပြားစေလိမ့်မယ်” ဟုဆိုကာ အမေရိကန်အပေါ် ဖိအားပေးကန့်ကွက်ခဲ့သည်။
သို့သော်လည်း လတ်တလောတွင် အစ္စရေး၏ လေဘာနွန်နိုင်ငံအတွင်း စစ်ဆင်ရေးများကြောင့် အမေရိကန်-အီရန်စစ်ပွဲကို အဆုံးသတ်မည့် ပဏာမအပစ်ရပ်ရေး MoU ပြိုကွဲမည့်အရေး ကြုံနေရသဖြင့် ထရမ့်အစိုးရအဖွဲ့သည် မဟာမိတ်ဖြစ်သူ အစ္စရေးအပေါ် မကျေမနပ်ဖြစ်နေချိန်လည်း ဖြစ်သည်။ တစ်ဖက်တွင်လည်း ဂါဇာစစ်ပွဲကြောင့် တူရကီနှင့် အစ္စရေးဆက်ဆံရေးမှာ လုံးဝပျက်ပြားနေပြီး တူရကီသည် ပါလက်စတိုင်းအရေးကို ရှေ့တန်းမှ ကာကွယ်ပြောဆိုနေသည့် နိုင်ငံဖြစ်သည်။
ဤသဘောထားပြောင်းလဲမှုနှင့်ပတ်သက်၍ အမေရိကန်ကွန် ဂရက်လွှတ်တော်အတွင်း ကန့်ကွက်မှုအချို့ ရှိလာနိုင်သော်လည်း၊ အစ္စရေးကို အခိုင်အမာထောက်ခံသူ ရီပတ်ဘလစ်ကန်အမတ် လင်ဆေး ဂရေဟမ်ကမူ “လွှတ်တော်ထဲမှာ အငြင်းပွားစရာရှိနိုင်ပေမယ့် နှစ်ဖက်ပြဿနာကို ဖြေရှင်းနိုင်မယ့် လမ်းစကို ရှာဖွေနိုင်မှာပါ” ဟုဆိုကာ ဤအစီအစဉ်အပေါ် သဘောထားပွင့်လင်းစွာ ရှိနေကြောင်း အရိပ် အမြွက် ပြောကြားထားသည်။
Telegram»…
https://t.me/positiveanglenews
#PAN