တရုတ်နိုင်ငံ ကန်းစုပြည်နယ်တွင် ပြင်းထန်သော သဘာဝဘေးကြောင့် မြေပြိုမှုဖြစ်ပွားပြီး လူ ၁၆ ဦး မြေပိပိတ်မိနေဆဲဖြစ်၊ ဆိုးရွားသော မိုးသက်မုန်တိုင်းများနှင့် စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် နိုင်ငံတစ်ဝှမ်း သတိပေးချက်ထုတ်ပြန်  

(နိုင်ငံတကာ) ဇူလိုင် ၇

   တရုတ်နိုင်ငံအနောက်ပိုင်း ကန်းစု (Gansu) ပြည်နယ်၏ တောင်ထူထပ်သော ဒေသတွင် ပြင်းထန်သော မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၆ ဦးမှာ မြေအောက်၌ ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။ မြေပြိုမှုအတွင်း စုစုပေါင်း လူ ၃၃ ဦး ကနဦး ပိတ်မိခဲ့သော်လည်း လက်ရှိအချိန်အထိ ၁၇ ဦးကိုမူ “အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပြီ” ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က ယနေ့ (အင်္ဂါနေ့)တွင် သတင်းထုတ်ပြန်ခဲ့သည်။        

    တရုတ်သမ္မတ ရှီကျင့်ဖျင်က အဆိုပါ သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ခံစားရသူများကို ကယ်ဆယ်ရန်အတွက် အစွမ်း ကုန် ကြိုးပမ်းကြရန် ကယ်ဆယ်ရေးအဖွဲ့များကို အမိန့်ပေးထား သည်။ ယခု မြေပြိုမှုဖြစ်ပွားရသည့် အကြောင်းရင်းကို တိတိ ပပ မသိရသေးသော်လည်း လက် ရှိသီတင်းပတ်အတွင်း တရုတ်နိုင်ငံ၌ အသက်အန္တရာယ်ဖြစ်စေနိုင်သော ပြင်းထန်သည့် မိုး သက်မုန်တိုင်းများ အဆက် မပြတ် ကျရောက်လျက်ရှိသည်။                     

     တရုတ်အလယ်ပိုင်း ဟူပေ (Hubei) ပြည်နယ်၏ အရှေ့ဘက်ပိုင်းဒေသများတွင် တနင်္လာနေ့ညပိုင်းက လေတိုက်နှုန်း တစ်နာရီလျှင် ၁၄၉ ကီလိုမီတာ(၉၂.၅၈ မိုင်) အထိရှိသော အား ကောင်းသည့် မိုးသက်မုန်တိုင်းများ တိုက်ခိုက်ခဲ့မှုကြောင့် ဟွမ်ရှီ၊ ဟွမ်ကန်း၊ အာကျိုးနှင့် ရှန်နင်းမြို့များတွင် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပြီး၊ လူတစ်ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ထို့အပြင် မုန်တိုင်းကြောင့် ဒေသခံ ပြည်သူအနည်းဆုံး ၂၇၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။             

     မိုးလေဝသခန့်မှန်းသူများက လူဦးရေ သန်း ၂၀၀ ခန့် နေ ထိုင်ရာ တရုတ်နိုင်ငံ၏ နေရာဒေသအသီးသီးတွင် သည်းထန်စွာ ရွာသွန်းမည့် မိုးကြီးမှုများ ထပ်မံဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။ အမျိုးသား မိုးလေဝသဗဟိုဌာနက ရှေ့လာမည့် ၂၄ နာရီအတွင်း ကွမ်ရှီးပြည်နယ်တောင်ပိုင်း၊ ကျန်းစုပြည်နယ်နှင့် ရှန်တုန်းပြည်နယ်တို့တွင် မြေပြိုမှုများကို ထပ်မံဖြစ်ပေါ်စေနိုင်သည့် မိုးရေချိန် ၂၆၀ မီလီမီတာအထိ ရှိမည့် အလွန်သည်းထန်သော မိုးရွာသွန်းမှုများအတွက် ကြိုတင်ပြင်ဆင်ထားကြရန် နှိုးဆော်ထားပြီး၊ အရှေ့မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသအချို့တွင် လေ ဆင်နှာမောင်းများပါ တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားသည်။

     တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်၍ ထိုင်ဝမ်ကျွန်းဘက်သို့ ဦးတည်ရွေ့လျားနေသည့် စူပါတိုင်ဖွန်းမုန်တိုင်း ဘာဗီ (Bavi) အတွက်လည်း အထူးသတိ ပေးချက် ထုတ်ပြန်ထားသည်။         

     အဆိုပါ စူပါတိုင်ဖွန်းမုန်တိုင်းသည် ဂူအမ်၊ တီနီယန်၊ ဆိုင်းပန်နှင့် ရိုတာကျွန်းများကို ဖြတ်သန်းစဉ် တစ်နာရီလျှင် ၂၉၀ ကီလို မီတာ (၁၈၀ မိုင်) အထိရှိသော အဖျက်စွမ်းအားပြင်း လေပြင်းဒဏ်များကို သယ်ဆောင်လာခဲ့ပြီး တရုတ်ကမ်းရိုးတန်းဒေသများသို့ ဆက်လက်ဦးတည်နေကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN