ကွန်ဂိုတွင် ကာကွယ်ဆေးမရှိသေးသည့် အီဘိုလာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ ၅၀၀ ကျော်သွားပြီဖြစ်ကြောင်း WHO ကြေညာ၊ ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများ သပိတ်မှောက်ရန် ပြင်ဆင်နေသဖြင့် အကျပ်အတည်း ဆိုက်ရောက်

(နိုင်ငံတကာ) ဇူလိုင် ၇

   ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DR Congo)တွင် ပြီးခဲ့သည့် မေလလယ်ပိုင်းမှစတင်၍ ပြင်းထန်စွာ ကူးစက်ပြန့်ပွားနေသော အီဘိုလာ (Ebola) ကပ်ရောဂါကြောင့် သေဆုံးသူဦးရေသည် ၅၀၀ ကျော်အထိ မြင့်တက်လာပြီး စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က တရား ဝင် ထုတ်ပြန်ကြေညာလိုက်သည်။

     ဤအတောအတွင်း ရောဂါတိုက်ဖျက်ရေး ရှေ့တန်းမှ ကွန်ဂိုကျန်းမာရေးဝန်ထမ်းများက လစာနည်းပါးမှုနှင့် လုပ်ငန်းခွင်အခြေအနေ ဆိုးရွားမှုများကြောင့် သပိတ်မှောက်ရန် ခြိမ်း ခြောက်နေသဖြင့် ကျန်းမာရေးကဏ္ဍတွင် အကျပ် အတည်းကြီးနှင့် ရင်ဆိုင်နေရသည်။             

     ဇူလိုင်လ ၄ ရက်စွဲပါ WHO ၏ မြေပြင်အခြေအနေပြ အစီ ရင်ခံချက်အရ ကွန်ဂိုနိုင်ငံအတွင်း အီဘိုလာဗိုင်းရပ်စ်ကြောင့် အနည်းဆုံး လူ ၅၀၆ ဦး သေဆုံးခဲ့ပြီး၊ ပိုးကူးစက်ခံရကြောင်း အတည်ပြုလူနာ ၁,၅၆၁ ဦးအထိ မှတ်တမ်းတင်ထားရသည်။ အိမ်နီးချင်း ယူဂန်ဒါနိုင်ငံတွင်မူ လက်ရှိအချိန်ထိ သေဆုံးသူ ၂ ဦးနှင့် အတည်ပြုလူနာ ၂၀ ဦးရှိပြီး ရောဂါအခြေအနေ ထိန်းချုပ်ထားနိုင်သည်။           

     ယခု ကွန်ဂိုတွင် ကူးစက်နေသည့် (၁၇) ကြိမ်မြောက် အီဘိုလာကပ်ရောဂါသည် “ဘွန်ဒီဗူဂျို” (Bundibugyo) အမည်ရှိ ဗိုင်းရပ်စ်မျိုးစိတ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး၊ ယင်းဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး သို့မဟုတ် သီးသန့်ကုသဆေး ယနေ့ထက်တိုင် လုံးဝမရှိသေးပေ။              

    ကပ်ရောဂါ စတင်ရာအမှတ်ဖြစ်သည့် အီတူရီ (Ituri) ပြည် နယ်၊ မွန်ဘွာလူ သတ္တုတွင်းမြို့ငယ်လေးတွင် ရောဂါကြောင့် သေ ဆုံးမှုနှုန်းမှာ ၅၀.၇ ရာခိုင်နှုန်းအထိ မြင့်မားနေပြီး၊ ပုန်ကန်မှုများဖြစ်ပွားနေသည့် မြောက်ကီဗူးပြည်နယ်တွင်မူ သေဆုံးမှုနှုန်းမှာ ၅၇.၄ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်မားနေသဖြင့် အာဏာပိုင်များ အထူးစိုးရိမ်နေကြသည်။

     ကျန်းမာရေးတာဝန်ရှိသူများသည် ရောဂါကူးစက်မှုကို စတင်စေခဲ့သည့် “လူနာသုည” (Patient zero) ကို ရှာဖွေနိုင်ခြင်း မရှိသေးသည့်အပြင်၊ ပိုးရှိသူများနှင့် ထိတွေ့ခဲ့ဖူးသည့် သောင်းနှင့်ချီသော လူများကိုလည်း လိုက်လံရှာဖွေ စစ်ဆေးရန် ရုန်းကန်နေရဆဲ ဖြစ်သည်။            

     ဗိုင်းရပ်စ်အန္တရာယ် ပိုမိုဆိုးရွားလာချိန်တွင် ရှေ့တန်းမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများက အစိုးရထံ သပိတ်မှောက်ကြောင်း သတိပေးစာ ပေးပို့ခဲ့သည်။ ဝန်ထမ်းများ၏ အဆိုအရ ကပ်ရော ဂါစတင်ကတည်းက ၎င်းတို့သည် ရသင့်ရထိုက်သည့် ခံစားခွင့်ပိုက်ဆံများကို အစိုးရထံမှ မရရှိခဲ့ကြောင်း၊ လုပ်ငန်းခွင်အတွင်း လုံလောက်သော ရောဂါကာကွယ်ရေး အဝတ်အထည်နှင့် အသုံး အဆောင်ပစ္စည်းများ မရှိကြောင်း တိုင်ကြားထားသည်။                        

     ထို့အပြင် မြို့တော် ကင်ရှာဆာမှ စေလွှတ်လိုက်သည့် အထူးအဖွဲ့များ၏ ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းနှင့် ဒေသခံလုပ် သားများကို ဦးစားမပေးခြင်းတို့ကြောင့် တနင်္လာနေ့မှစ၍ လုပ် ငန်းခွင်များကို သပိတ်မှောက်ရပ်နားရန် ပြင်ဆင်နေကြခြင်း ဖြစ် သည်။             

     လက်ရှိတွင် အဆိုပါဗိုင်းရပ်စ်သည် အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ (M23) က ထိန်းချုပ်ထားသည့် နယ်မြေများအနီးသို့ပါ ပျံ့နှံ့လျက်ရှိပြီး၊ M23 အဖွဲ့ကမူ ၎င်းတို့ထိန်းချုပ်ရာဒေသများတွင် ရောဂါကို အမြစ်ပြတ်အောင် တိုက်ဖျက်နိုင်ခဲ့ပြီဟု ပြီးခဲ့သည့်အပတ်က ကြေညာထား သည်။

     WHO အနေဖြင့် ဤရှားပါးဗိုင်းရပ်စ်ကို ရောဂါရှာဖွေနိုင်မည့် ပထမဆုံး မော်လီကျူးစစ်ဆေးမှုကို အရေးပေါ် အသုံးပြုခွင့်ပေးထားပြီး ကုသမှုဆိုင်ရာ စမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။           

Telegram»…
https://t.me/positiveanglenews

#PAN