အရက်အတူသောက်နေရင်း အမြည်းဖိုးစရိတ်နဲ့ အငြင်းပွားကြရာက တူဖြစ်သူက ဝရီးဖြစ်သူကို လေးခွအချွန်နဲ့ ထိုးသတ်

(မှုခင်း) ဇူလိုင် ၇

တူဝရီးနှစ်ယောက်မှာ အရက်အတူတူထိုင်သောက်နေရင်း အမြည်းဖိုးကုန်ကျစရိတ်နဲ့ပတ်သက်ပြီး စကားများ အငြင်းပွားရာနေ တူဖြစ်သူက ဝရီးဖြစ်သူကို လေးခွအချွန်နဲ့ ထိုးသတ်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီလူသတ်မှုဖြစ်စဉ်ဟာ ဇူလိုင်လ ၆ ရက်နေ့ မနေ့က ညနေက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကျောက်တန်းမြို့၊ အနောက်ပိုင်းရပ်ကွက် မှော်ဝန်းချောင်းဘေးမှာ ဦးလှဦးပိုင်ဆိုင်တဲ့ ပုစွန်ကန်စောင့်တဲ့ တဲမှာ ပုစွန်ကန်စောင့်တဲ့ တူဝရီးနှစ်ဦး အရက်အတူသောက်နေကြရင် အခုလူသတ်မှုဖြစ်သွားတဲ့အထိ အငြင်းပွားခဲ့ကြတာ ဖြစ်ပါတယ်။

အမြည်းစားတာ များသွားပြီး ကုန်ကျစရိတ် များသွားတာကြောင့် ဦးလေးဖြစ်သူက တူဖြစ်သူကို အမြည်းပဲစားနေတယ်လို့ ပြောရာကနေ အပြန်အလှန်ငယ်ကျိုးငယ်နာတွေကိုပါ ပြောရင်း စကားများကြရာက တူဖြစ်သူက လောက်လေးခွအချွန်နဲ့ ထိုးသတ်ခဲ့တာဖြစ်တယ်လို့ သိရတာဖြစ်ပါတယ်။

သေဆုံးသူမှာ အသက် ၇၇ နှစ်အရွယ် ဦးကျော်မြသန်း ဆိုသူဖြစ်ပြီး ၎င်းရဲ့တူဖြစ်သူ အသက် ၃၅ နှစ်အရွယ် မောင်ပြည့်ဖြိုးအောင် ဆိုသူက လောက်လေးခွအချွန်နဲ့ ဝရီးဖြစ်သူရဲ့ လည်ပင်း ဝဲ/ယာ၊ လည်ဇလုတ်၊ ဝမ်းဗိုက်တွေနဲ့ ပါးပြင်တွေပါ ထိုးသွင်းခဲ့တာ ဖြစ်တယ်လို့ သိရတာဖြစ်ပါတယ်။

အခုလို ထိုးသွင်းခဲ့ရမှုကြောင့် မြသန်းမှာ ထိုးသွင်းဒဏ်ရာ ၁၄ ချက်နဲ့ သေဆုံးသွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ပြည့်ဖြိုးအောင်ကို ကျောက်တန်းမြို့မ ရဲစခန်းက (ပ)၇၃/၂၀၂၆၊ အမှုကြီးအမှတ်စဉ် ၃/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရရဲ့ ဒေသအသီးသီးမှာလည်း ဒီဖြစ်စဉ်နဲ့ အလားတူ အရက်အတူတူသောက်စားနေရင်း စကားများရာကနေ မိသားစုအချင်းချင်း၊ သူငယ်ချင်းအချင်း လူသတ်မှုတွေ ဖြစ်ပွားခဲ့တာတွေလည်း ရှိနေတာဖြစ်ပါတယ်။

#PAN