အမေရိကန် ၂၅၀ ပြည့် လွတ် လပ်ရေးနေ့တွင် ဝါရှင်တန်ဒီစီ၌ လူဖြူအမျိုးသားရေးဝါဒီ ၄၀၀ ကျော် မျက်နှာဖုံးစွပ် စီတန်းလှည့်လည်၊ ထရမ့်အစိုးရကြောင့် ရဲတင်းလာခြင်းဖြစ်ဟု ဝေဖန်ခံနေ      

(နိုင်ငံတကာ) ဇူလိုင် ၅

    အမေရိကန်ပြည်ထောင်စု တည်ထောင်ခြင်း နှစ်ပေါင်း ၂၅၀ ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားလပ်ရက် အခမ်း အနားများ ကျင်းပနေစဉ်အတွင်း၊ မြို့တော် ဝါရှင်တန်ဒီစီနှင့် မက်ထရိုဧရိယာတစ်ဝိုက်တွင် အငြင်းပွားဖွယ်ရာ လူဖြူအမျိုးသားရေးဝါဒီအဖွဲ့တစ်ခုက မျက်နှာဖုံးများ စွပ်၍ စီတန်းလှည့်လည် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသဖြင့် အပြင်းအထန် ဝေဖန်မှုများ ထွက်ပေါ်နေသည်။         

စနေနေ့က လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သော ဗီဒီယိုဖိုင်များအရ “ပဲထရီးရော့ ဖရန့်” (Patriot Front) ဟု ခေါ်သည့် လူဖြူအမျိုးသားရေးဝါဒီအဖွဲ့မှ အဖွဲ့ဝင်အများအပြားသည် ခါကီရောင်ဘောင်းဘီ၊ ခါကီရောင်ဦးထုပ်နှင့် အပြာရင့်ရောင်အင်္ကျီများကို တစ်ပုံစံတည်း ဝတ်ဆင်ထားကြသည်။ ၎င်းတို့သည် မျက်နှာများကို အဖြူရောင်ပိတ်စ နှာခေါင်းစည်းများနှင့် နေကာမျက်မှန်များဖြင့် ဖုံးကွယ်ထားပြီး ဝါရှင်တန်ဒီစီ မြေအောက်ရထားလိုင်းများမှတစ်ဆင့် မေရီလန်းပြည်နယ် နယူးကာရိုးလ်တန် (New Carrollton) အထိလည်းကောင်း၊ အမေရိကန် လွှတ်တော်အဆောက်အအုံ (US Capitol) ရှေ့အထိလည်းကောင်း ခြေ လှမ်းမှန်မှန်ဖြင့် စီတန်းလှည့်လည်ခဲ့ကြသည်။

လှည့်လည်စဉ်အတွင်း ၎င်းတို့သည် အမေရိကန်အလံများ၊ ဗုံများနှင့် ဒိုင်းလွှားများကို ကိုင်ဆောင်ထားသည့်အပြင်၊ အမေရိကန်ပြည်တွင်းစစ်အတွင်းက ကျွန်စနစ်ကို လိုလားပြီး ခွဲထွက်ရန် ကြိုးပမ်းခဲ့သည့် ကွန်ဖက်ဒရိတ် (Confederacy) အလံများကိုပါ ဝှေ့ယမ်းခဲ့ကြသည်။

    အဆိုပါအဖွဲ့၏ တယ်လီဂရမ်ချန်နယ်တွင် လူပေါင်း ၄၀၀ ကျော် ပါဝင်ခဲ့ကြောင်း ဖော်ပြထားပြီး ဗုံချက်များနှင့်အတူ “အမေရိကကို ပြန်လည်ရယူကြ” (Reclaim America)ဟု ကြွေး ကြော်ခဲ့ကြသည်။ ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင်လည်း ဥရောပနွယ်ဖွား အမေရိကန်သားများအနေဖြင့် ယဉ်ကျေးမှုဆိုင်ရာ လွတ်လပ်ခွင့်ကို တောင်းဆိုကြရန် လှုံ့ဆော်ထားသည်။

     ဂျော့ခ်ျဝါရှင်တန်တက္ကသိုလ်မှ အစွန်းရောက်ဝါဒဆိုင်ရာ ကျွမ်းကျင်သူများက “ပဲထရီးရော့ ဖရန့်” အဖွဲ့ကို အမေရိကန်တွင် လူဖြူသီးသန့်နိုင်ငံ (White ethnostate) တည်ဆောက်ရန် ရည်ရွယ်သည့် ဖက်ဆစ်အဖွဲ့အစည်းတစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဝေဖန်သူများကမူ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ အစိုးရအဖွဲ့သည် လူဖြူခရစ်ယာန်များကို လူနည်းစုများက အစားထိုးနေရာယူနေသည်ဟူသော “မဟာအစားထိုးမှု သီအို ရီ” ကဲ့သို့သော လူမျိုးရေးခွဲခြားမှုဆိုင်ရာ လုပ်ကြံပူးပေါင်းကြံ စည်မှုများကို ဖြန့်ဝေခြင်းဖြင့် ဤကဲ့သို့သော အစွန်းရောက်အဖွဲ့များကို ပိုမိုရဲတင်းလာစေရန် အားပေးအားမြှောက်ပြုလုပ်နေ သည်ဟု စွပ်စွဲကြသည်။  

ပဲထရီးရော့ ဖရန့် အဖွဲ့သည် ၂၀၁၇ ခုနှစ်က ဗာဂျီးနီးယားပြည်နယ် ချာလော့တ်စဗီးလ်၌ လူဖြူကြီးစိုးရေးဝါဒီတစ်ဦးက ကားဖြင့်တိုက်သဖြင့် ဆန့်ကျင်ဆန္ဒပြသူ အမျိုးသမီးတစ်ဦး သေ ဆုံးခဲ့ရသည့် “Unite the Right” လူထုစုဝေးပွဲကြီးအပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုစဉ်က သမ္မတထရမ့်က “နှစ်ဖက်စလုံးမှာ အရမ်းကောင်းတဲ့လူတွေ ရှိပါတယ်” ဟု တုံ့ပြန်ခဲ့သဖြင့် လူဖြူအမျိုးသားရေးဝါဒီများကို ပြတ်ပြတ်သားသား ရှုတ် ချရန် ငြင်းဆန်သည်ဟု ဝေဖန်ခံခဲ့ရသည်။

    ၎င်းအပြင် ၂၀၂၂ ခုနှစ်က ဂျူးဆန့်ကျင်ရေးသမားများနှင့် မာအာလာဂိုတွင် ညစာအတူစားခဲ့ခြင်းနှင့် ယခုနှစ်အစောပိုင်းက အိုဘားမားဇနီးမောင်နှံကို လူဝံအဖြစ် ပုံဖော်သည့် ဗီဒီယိုကို ထရမ့် ၏ လူမှုကွန်ရက်အကောင့်မှ ပြန်လည်မျှဝေခဲ့ခြင်းများကြောင့် ထရမ့်သည် လူမျိုးရေးခွဲခြားမှုဆိုင်ရာ စွပ်စွဲချက်များနှင့် အကြိမ် ကြိမ် ရင်ဆိုင်နေရသည်။

     အဆိုပါ လွတ်လပ်ရေးနေ့ လှည့်လည်ပွဲနှင့် ပတ်သက်၍ အမေရိကန် အထက်လွှတ်တော်အမတ် အက်ဒ် မာကီ (Ed Markey) အပါအဝင် နိုင်ငံရေးသမားများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ကြသည်။                    

     မာကီက “ကျွန်တော်တို့ နိုင်ငံရဲ့ မြို့တော်မှာ လူဖြူအမျိုးသားရေးဝါဒီတွေ အခုလို လှည့်လည်နေတာကို နှုတ်ဆိတ်မနေနိုင်ပါဘူး။ မန်ဆာချူးဆက်ကနေ ဝါရှင်တန်ဒီစီအထိ မုန်းတီးမှုတွေနဲ့ သဘောထားကျဉ်းမြောင်းမှုတွေဟာ ဒီနိုင်ငံမှာ နေရာမရှိပါဘူး” ဟု လူမှုကွန်ရက်မှတစ်ဆင့် တာဝန်ရှိသူများကို အရေးယူရန် တိုက်တွန်းနှိုးဆော်ထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN