ဇီးကုန်းရပ်ကွက်အနီး ဒုံသမိချောင်းအတွင်းယောက်ျား ရုပ်အလောင်းတစ်လောင်း တွေ့ရှိ

(မှုခင်း) ဇူလိုင် ၅

သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ၊ ဇီးကုန်းရပ်ကွက်အနီး ဒုံသမိချောင်းအတွင်း၌ ယမန်နေ့ဇူလိုင် ၄ ရက် နံနက် ၇နာရီ၅၀ မိနစ်ခန့်က လူသေအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ကျုံမိန်ကျေးရွာဘက်မှ ရေစီးကြောင်းဖြင့်မျောပါလာသည့် အဆိုပါရုပ်အလောင်းကို ပသစ နိုင်ဝင်းထွန်းက တွေ့ရှိခဲ့ပြီး သုဓမ္မဝတီမြို့သစ် ရဲစခန်းသို့ အကြောင်းကြားခဲ့ ကြောင်းသိရသည်။

ရဲစခန်းမှူး ရဲအုပ် ခင်မောင်အေးနှင့်အဖွဲ့သည် ၈နာရီ၂၀ မိနစ်တွင် သွားရောက်စစ်ဆေးခဲ့ရာ ရုပ်အလောင်း၏ ဝဲရင်ဘက်တွင် ဖောက်ဝင်ဒဏ်ရာတစ်ချက် တွေ့ရှိရပြီး လက်ပြန်ကြိုးတုတ် ပလက်အနေထားဖြင့် မျောပါလာခြင်းဖြစ်ကြောင်း သိရသည်။

ဒုံသမိအားမာန် လူမှုကူညီရေးအသင်းမှ ဦးမျိုးနှင့်အဖွဲ့က ၈နာရီ၄၀ မိနစ်တွင် ဆယ်ယူပြီး ၉နာရီ၅ မိနစ်တွင် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ရင်ခွဲစစ်ဆေးရန် သယ်ယူပို့ဆောင်ခဲ့ကြောင်း သိရသည်။

#PAN