
(နိုင်ငံတကာ) ဇူလိုင် ၄
သိမ်းပိုက်ခံ အနောက်ဖက်ကမ်း(West Bank) ဒေသအတွင်း အစ္စရေးအခြေချနေထိုင်သူများ၏ ကျူးကျော်စော် ကားမှုများနှင့် နယ်မြေသိမ်းပိုက်မှုများ မကြာသေးမီ သီတင်း ပတ်များအတွင်း သိသိသာသာ ပြင်းထန်လာပြီး ပါလက်စတိုင်း ပြည်သူများ၏ နေအိမ်များအပြင် မရှိမဖြစ်လိုအပ်သော အခြေခံအဆောက်အအုံများဖြစ်သည့် လျှပ် စစ်ဓာတ်အားလိုင်းများ၊ စိုက်ပျိုးရေးဖန်လုံအိမ်များနှင့် စမ်း ရေတွင်းများကိုပါ ရည်ရွယ် ချက်ရှိရှိ ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
ပါလက်စတိုင်းသတင်းဌာန ဝါဖာ (Wafa)၏ ဖော်ပြချက်အရ ဘက်သလီဟင်မြို့ အရှေ့တောင်ဘက်ရှိ အာလ်မနီယာ ကျေးရွာသို့ လျှပ်စစ်ဓာတ်အားပေးဝေနေသည့် အဓိကမီးလိုင်းကို အစ္စရေးအခြေချသူများက ဖျက်ဆီးပစ်ခဲ့သဖြင့် တစ်ရွာလုံး မီးပြတ်တောက်သွားခဲ့ပြီး ဒေသခံများ ကြောက်ရွံ့ထိတ်လန့်ခဲ့ကြသည်။ ယခုဖြစ်စဉ်သည် ယင်းကျေးရွာတွင် တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ကြုံတွေ့ရခြင်းဖြစ်သည်။
ထို့အပြင် နာရီပိုင်းအကြာတွင် တူလ်ကာရမ်မြို့ အရှေ့တောင်ဘက်ရှိ စစ်ဆေးရေးဂိတ်အနီးရှိ စိုက်ပျိုးရေးဖန်လုံအိမ်များကိုလည်း အခြေချသူများက ဝင်ရောက်ဖျက်ဆီးကာ ကာကွယ်ထားသည့် ပိုက်ကွန်များကို ဆုတ်ဖြဲခဲ့ကြသဖြင့် ပါလက်စတိုင်းမိသား စုများ၏ စိုက်ပျိုးရေးလုပ်ငန်းများ အကြီးအကျယ် ထိခိုက်ပျက် စီးခဲ့ရသည်။
အဆိုးရွားဆုံး လုပ်ရပ်တစ်ခုအနေဖြင့် အစ္စရေးအခြေချသူ များသည် ဂျေရုဆလင်မြို့ အရှေ့မြောက်ဘက်ရှိ အိန်းရာဝါဘီ (Ein Rawabi) စမ်းရေတွင်းကိုပါ ဖျက်ဆီးကာ ၎င်းတို့အပိုင်အဖြစ် ထိန်းချုပ်သိမ်းပိုက်လိုက်ကြသည်။ ဂျေရုဆလင်အုပ်ချုပ်ရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ ယင်းစမ်း ရေတွင်းသည် အဆို ပါဒေသရှိ ဘီဒိုအင်(Bedouin) လူ မျိုးစု သိုးထိန်းများနှင့် ၎င်းတို့၏ သိုးကောင်ရေ ၁,၃၀၀ ကျော်အတွက် တစ်ခုတည်းသော ရေအရင်းအမြစ်ဖြစ်သဖြင့် ဘီဒိုအင်မိသားစု ဒါဇင်ပေါင်းများစွာ၏ အသက်မွေးဝမ်းကျောင်းမှုကို တိုက်ရိုက်ခြိမ်းခြောက်ရာ ရောက်နေသည်။
တစ်ချိန်တည်းမှာပင် ဝက်စ်ဘန့်ခ်ဒေသ ဂျာလွတ်ဒ်ကျေး ရွာရှိ ပါလက်စတိုင်းအမျိုးသား မိုဟာမက် ဆလာမေးဟ်သည် ၎င်း ၏သားအတွက် နေအိမ်ဆောက်လုပ်နေစဉ်အတွင်း အစ္စရေးအခြေချသူများ၏ မြေသိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။ ဆလာမေးဟ်က “ဥပဒေစနစ်သာရှိရင် သူတို့ ထွက်သွားကြမှာပါ။ ဒါပေမဲ့ သူတို့က နေရာတစ်ခုကို အောင်မြင်အောင် သိမ်းနိုင်သွားရင် ကျန်တဲ့နေရာတွေလည်း ဆက်ပြီး အသိမ်းခံရမှာပဲ” ဟု ရိုက်တာသတင်းဌာနသို့ ရင်ဖွင့်ခဲ့သည်။
လက်ရှိတွင် ဝက်စ်ဘန့်ခ်၌ ပါလက်စတိုင်းလူဦးရေ ၃ သန်းခန့်ရှိပြီး အစ္စရေးအခြေချနေထိုင်သူ ၅၀၀,၀၀၀ ခန့်အထိ ရှိလာရာ အခြေချနယ်မြေချဲ့ထွင်မှုနှင့်အတူ ဖျက်ဆီးမှုများ နှစ်ပေါင်းများစွာ ရှိနေခဲ့သည်။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ လွန်ခဲ့သည့်လက ထုတ်ပြန်ချက်အရ ပါလက်စတိုင်းကျေးရွာများနှင့် လယ်ယာမြေများအပေါ် အစ္စရေးအခြေချသူများ၏ တိုက် ခိုက်မှုနှုန်းသည် ၂၀၂၃ ခုနှစ်ကတည်းက စတင်ကာ ယခုအချိန်အထိ ၁၃၀ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်လာခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN