မြန်မာ-လာအို ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရေး ခေါင်းဆောင်နှစ်ဦး ဆွေးနွေး… လျှပ်စစ်စွမ်းအင်၊ နယ်စပ်ကုန်သွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

(ပြည်တွင်း) ဇူလိုင် ၄

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ မြန်မာ-လာအို နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာစေရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရေးတို့ကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ် (၇၀) ကျော်ကာလအတွင်း ရရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှုများကို ဆက်လက်လက်ဆင့်ကမ်း အားကောင်းစေရေးနှင့် လာမည့် သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့် အထိမ်းအမှတ်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရေးတို့ကို အလေးထား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နယ်စပ်ကုန်သွယ်ရေးမြှင့်တင်ရေး၊ နယ်စပ်ဂိတ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဖြတ်ကျော် သဘောတူညီချက်များကို အမြန်အကောင်အထည်ဖော်ရေး၊ မြန်မာ-လာအို နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းစီမံကိန်းနှင့် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်သွားရေးတို့ကိုလည်း သဘောတူညီခဲ့ကြသည်။

အလုပ်သမားကဏ္ဍတွင် တရားဝင် အလုပ်သမားစေလွှတ်ရေး၊ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် သက်ဆိုင်ရာ နားလည်မှုစာချွန်လွှာများ (MoU) အဆင့်မြှင့်တင်ရေးတို့ကို ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါး ပြဿနာများကို သတင်းအချက်အလက် ဖလှယ်၍ ပူးပေါင်းနှိမ်နင်းရေး၊ Joint Border Committee (JBC/JBSC) နှင့် Regional Border Committee (RBC) အစည်းအဝေးများကို ပုံမှန်ကျင်းပကာ နယ်စပ်လုံခြုံရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်သွားရေးတို့ကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME)၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘာသာစကားသင်တန်းများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားရန် သဘောတူညီခဲ့ကြပြီး နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့၊ တောင်ယာမီးရှို့မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကိုလည်း ဒေသတွင်း ပူးပေါင်းကိုင်တွယ်ဖြေရှင်းသွားရန် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအတွင်း လာအိုနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင်မည်ဟု ယုံကြည်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံမိသားစုအတွင်း ပုံမှန်ပြန်လည်ပါဝင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း လာအိုနိုင်ငံ၏ အစဉ်တစိုက် ရပ်တည်ပံ့ပိုးပေးမှုများနှင့် မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့ပေးခဲ့မှုများအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး လာအိုနိုင်ငံဝန်ကြီးချုပ်အား မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။

#PAN