(ပြည်တွင်း) အောက်တိုဘာ ၁၇
ပြည်သူ့လွှတ်တော်၏ မဟာဗျူဟာရည်မှန်းချက်များနှင့် ကိုက်ညီသည့် လုပ်ငန်းစဉ်များ ရေးဆွဲဆောင်ရွက်ရန်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union-MPU) ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက ပဲခူးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များကို တိုက်တွန်းပြောကြားခဲ့သည်။

ဦးခင်ရီသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးနှင့် တိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအား ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံးရှိ ဥဿာပြည့်စုံခန်းမ၌ တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ဦးခင်ရီက လွှတ်တော်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် ရည်ရွယ်၍ လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြည်ထောင်စုအဆင့်လွှတ်တော်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအကြား လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံတကာလွှတ်တော်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံနိုင်ရေးတို့အတွက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

လွှတ်တော်များကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဟူ၍ ခွဲခြားထားသော်လည်း လွှတ်တော်ကိုယ်စားလှယ်များအားလုံးသည် ပြည်သူကို ကိုယ်စားပြုသူများဖြစ်ကြောင်း၊ ဥပဒေပြုခြင်း၊ ပြည်သူကို ကိုယ်စားပြုခြင်းနှင့် အခြားမဏ္ဍိုင်များနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်းဟူသည့် လွှတ်တော်၏ အဓိကတာဝန်သုံးရပ်မှာ တူညီကြောင်းလည်း ပြောကြားခဲ့သည်။
လက်ရှိလွှတ်တော်သက်တမ်းအတွင်း စွမ်းရည်မြင့်မားပြီး ပြည်သူကို ဗဟိုပြုသည့် ခေတ်မီလွှတ်တော်တစ်ရပ် ပေါ်ပေါက်လာရေးကို ရည်မှန်းချက်ထား၍ ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဦးခင်ရီက တိုက်တွန်းခဲ့သည်။
ယင်းရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်တွင် မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၇-၂၀၃၁) ကို ရေးဆွဲထားပြီး ဥပဒေပြုရေးလုပ်ငန်းများ ထိရောက်မှုရှိစေရေး၊ စောင့်ကြည့်ထိန်းညှိရေးနှင့် တာဝန်ခံမှုရှိစေရေး၊ ပြည်သူနှင့် ထိတွေ့ဆက်ဆံ၍ ပြည်သူကို ကိုယ်စားပြုနိုင်ရေး၊ နိုင်ငံတကာလွှတ်တော်များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေးနှင့် သုတေသနစွမ်းဆောင်ရည် မြင့်မားရေး၊ ဒီဂျစ်တယ်လွှတ်တော်စနစ် ဖွံ့ဖြိုးရေးတို့ကို ရည်မှန်းချက်များအဖြစ် ချမှတ်ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။
ထိုမဟာဗျူဟာရည်မှန်းချက်များအပေါ် အခြေခံ၍ ပဲခူးတိုင်းဒေသကြီးလွှတ်တော်နှင့် ကိုက်ညီသည့် နည်းဗျူဟာများကို ရေးဆွဲအကောင်အထည်ဖော်ရန်လည်း တိုက်တွန်းခဲ့သည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ တာဝန်များကို ဂုဏ်သိက္ခာရှိစွာ ထမ်းဆောင်နိုင်ရေးအတွက် ကိုယ်စားလှယ်ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) ရေးဆွဲရန် လိုအပ်ကြောင်း၊ ပြည်သူ့အသံကို ထိရောက်စွာ ဖော်ဆောင်နိုင်ရေးအတွက် စွမ်းဆောင်ရည်မြင့်မားပြီး အမြင်ကျယ်စွာ ဆောင်ရွက်ရမည့်အပြင် ဥပဒေရေးရာကိစ္စရပ်များကိုလည်း ကျွမ်းကျင်နားလည်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
လွှတ်တော်အတွင်း အရည်အသွေးမြင့်မားသည့် မေးခွန်းများနှင့် အဆိုများ တင်သွင်းနိုင်ရေးအတွက် ပြည်တွင်းပြည်ပ ဗဟုသုတများ ပြည့်စုံရန်လိုအပ်သကဲ့သို့ မေးခွန်းနှင့် အဆိုများတွင် နိုင်ငံတော်က တရားဝင်အသုံးပြုသည့် အသုံးအနှုန်းများကို သတိပြုရေးသား၊ ပြောဆိုဆွေးနွေးရန်လည်း လိုအပ်ကြောင်း ၎င်းက ဆိုသည်။
လွှတ်တော်သက်တမ်း နုနယ်သေးသည့်အတွက် လုပ်ငန်းစဉ်များကို တိုးတက်မှုတစ်ရပ် ရရှိလာစေရန် လိမ္မာပါးနပ်စွာ ဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့သည်။
ပြည်သူများ လွှတ်တော်အကြောင်း ပိုမိုသိရှိစိတ်ဝင်စားလာစေရန် ပြည်သူ့လွှတ်တော်တွင် ကျင့်သုံးနေသည့် “Know Parliament, See Parliament, Open Parliament” အစီအစဉ်များကိုလည်း ပဲခူးတိုင်းဒေသကြီးလွှတ်တော်အနေဖြင့် ဒေသအခြေအနေနှင့် ကိုက်ညီစွာ အကောင်အထည်ဖော်ရန် အကြံပြုခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များကို ပံ့ပိုးကူညီရသည့် လွှတ်တော်ဝန်ထမ်းများအနေဖြင့်လည်း နည်းပညာ၊ ရုံးလုပ်ငန်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို နားလည်ကျွမ်းကျင်စေရန် စဉ်ဆက်မပြတ် လေ့လာသင်ယူသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လွှတ်တော်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများအားလုံး စုပေါင်းကြိုးပမ်းဆောင်ရွက်သွားရန်လည်း တိုက်တွန်းခဲ့သည်။
#PAN