
(ပြည်တွင်း) အောက်တိုဘာ ၁၇
ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်းရှိ မြို့နယ်အချို့၌ စဉ်ဆက်မပြတ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားခွဲရုံများနှင့် ထရန်စဖော်မာများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် သတ်မှတ်ချိန်များအတွင်း ယာယီဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၁) မှ ထရန်စဖော်မာအမှတ် (၂) ကို ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အောက်တိုဘာလ ၁၈ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဓာတ်အားပိတ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်စဉ် အဆိုပါထရန်စဖော်မာမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ရုံးဌာနများ၊ ခုတင် (၁၀၀၀) ဆေးရုံ၊ သာယာကုန်းရပ်ကွက်နှင့် ပြန်ကပြေးရပ်ကွက်တို့တွင် ယာယီဓာတ်အား ပြတ်တောက်မည်ဖြစ်သည်။
ထို့အပြင် ၂၃၀ ကေဗွီ ပျဉ်းမနား ပင်မဓာတ်အားခွဲရုံရှိ ၁၀၀ အမ်ဗွီအေ မိန်းထရန်စဖော်မာ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁၈ ရက် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဆောင်ရွက်မည်ဖြစ်ရာ နေပြည်တော်အတွင်းရှိ ဇေယျာသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တွင် အချိန် ၂ နာရီကြာခန့် ယာယီဓာတ်အား ပြတ်တောက်မည်ဖြစ်သည်။
အလားတူ မန္တလေးတိုင်းဒေသကြီးရှိ ၂၃၀ ကေဗွီ အောင်ပင်လယ်ပင်မဓာတ်အားခွဲရုံမှ ၁၀၀ အမ်ဗွီအေ မိန်းထရန်စဖော်မာ၏ ဓာတ်အားလွှတ်ကြားခံပစ္စည်းများ အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁၉ ရက် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဆောင်ရွက်မည်ဖြစ်၍ ပုသိမ်ကြီးမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ ရပ်ကွက်/ကျေးရွာအချို့၌ အချိန် ၄ နာရီကြာခန့် ယာယီဓာတ်အား ပြတ်တောက်မည်ဖြစ်သည်။
အဆိုပါ ဓာတ်အားပြတ်တောက်မည့် ဧရိယာများအတွင်းရှိ မိဘပြည်သူများအား သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများနှင့် အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း သိရှိရသည်။