
(ပြည်တွင်း) ဇူလိုင် ၂
ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်သည့် မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ဟိုးဒင်းစ် (MTSH) သည် ၎င်း၏ အနာဂတ်ကာလ အဓိကတိုးတက်မည့် စီးပွားရေးကဏ္ဍများအနက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်း အင် (Renewable Energy)ထုတ်လုပ်မှု တိုးချဲ့ခြင်း လုပ် ငန်းကို ဦးစားပေး ကဏ္ဍတစ်ခုအဖြစ် သတ်မှတ်လုပ်ဆောင်နေကြောင်း ကုမ္ပဏီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးရှင်းတမ်းအရ သိရသည်။
MTSH အုပ်စုသည် သန့်ရှင်းသောစွမ်းအင် ထုတ်လုပ်မှု၊ စွမ်း အင်ဖူလုံမှုနှင့် ရေရှည်တည်တံ့သော အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုတို့အပေါ် ကုမ္ပဏီ၏ ရေရှည်ကတိကဝတ်ကို ထင် ဟပ်စေလျက် စီးပွားရေးကဏ္ဍအသီး သီး၌ ဆိုလာစွမ်းအင်စီမံကိန်းများကို ဆက်လက်အကောင် အထည်ဖော်ကာ တိုးချဲ့လုပ်ဆောင်နေခြင်း ဖြစ်သည်။
လက်ရှိတွင် ကုမ္ပဏီအနေဖြင့် ရှိရင်းစွဲဆိုလာစီမံကိန်းများကို စီးပွားဖြစ်(Commercial Operation) စတင်လည် ပတ်နိုင်ရန်နှင့် နောင်တွင် ၎င်းတို့ကို ပိုမိုတိုးချဲ့သွားနိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ယခုကဲ့သို့ စွမ်းအင်ကဏ္ဍသို့ ခြေဆန့်လုပ်ကိုင်ခြင်းအားဖြင့် MTSH အနေဖြင့် ပုံမှန်ဝင်ငွေ (Recurring Income) ရရှိစေမည့် ဝင်ငွေလမ်းကြောင်းသစ်များကို ဖန်တီးနိုင်မည်ဖြစ်ပြီး၊ သီလဝါအထူးစီးပွားရေးဇုန်တစ်ခုတည်းအပေါ် အခြေခံမနေဘဲ မိမိ၏ ဝင်ငွေရရှိရာရင်းမြစ်များကို ဘက်စုံကွဲပြားအောင် (Revenue Diversification) လုပ် ဆောင်နိုင်ရန် မျှော်မှန်းထားသည်။
အဆိုပါ ဆိုလာစွမ်းအင်ထုတ်လုပ်ရေး စီမံကိန်းကို ထိရောက်စွာ အကောင်အထည်ဖော်ရန်အတွက် ကုမ္ပဏီသည် ဘဏ်ချေး ငွေ ကျပ် ၈ ဘီလီယံ ရယူထားကြောင်းလည်း သိရသည်။
MTSH ၏ ဘဏ္ဍာရေးအစီရင်ခံစာတွင် “ဒီဘဏ်ချေးငွေကို ကုမ္ပဏီရဲ့ ရေရှည်ဖွံ့ဖြိုးတက်မှုနဲ့ ဝင်ငွေရလမ်း ဘက်စုံကွဲပြားစေမယ့် မဟာဗျူဟာကို အထောက်အကူပြုမယ့် ရင်းနှီးမြှုပ်နှံမှုတစ်ခုအတွက် အသုံးပြုထားတာဖြစ်ပါတယ်” ဟု ဖော်ပြထား သည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် MTSH ၏ ရေရှည်တိုးချဲ့လုပ်ကိုင်မှုအတွက် အဓိကမောင်းနှင်အား (Core Driver) တစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ ယခုကဲ့သို့ အများပြည်သူသုံး ဝန်ဆောင်မှုကဏ္ဍ (Utilities Market) အတွင်းသို့ ဘက်စုံခွဲထွက် လုပ်ကိုင်ခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲပြီး စီးပွားရေးမုန်တိုင်းများကို ကြံ့ကြံ့ခံနိုင်သော (Resilient Business Model) စီးပွားရေးပုံစံတစ်ခုကို တည်ဆောက်ရန် အုပ်စု၏ကတိကဝတ်ကို ပိုမိုခိုင်မာစေကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN