တောင်သာမြို့ ကုန်စုံဆိုင်အတွင်း ပစ်ခတ်မှုဖြစ်ပွား၊ လင်မယားနှင့် ဆိုင်ရှင်တို့ သေဆုံးပြီး ၄ လသားကလေးငယ် ကျန်ရစ်


(မှုခင်း) နိုဝင်ဘာ ၄


မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၊ အမှတ် (၅) ရပ်ကွက်၊ နာရီစင်အနီးရှိ ဖိုးသားကုန်စုံဆိုင်အတွင်း အကြမ်းဖက် PDF အဖွဲ့ဝင်နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဈေးဝယ်လာသည့် လင်မယားနှင့် ဆိုင်ရှင်အမျိုးသမီးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၃ ရက် ည ၆ နာရီ ၅၀ မိနစ်ခန့်တွင် တောင်သာမြို့၊ အမှတ် (၅) ရပ်ကွက်၊ နာရီစင်အနီးရှိ ဖိုးသားကုန်စုံဆိုင်၌ ကိုပြည့်ဖြိုးမောင်၊ အသက် ၃၄ နှစ်၊ (ဘ) ဦးစိန်မောင်ဝင်းနှင့် ၎င်း၏ဇနီး မရွှေယမင်းဦး၊ အသက် ၂၃ နှစ်၊ (ဘ) ဦးဖိုးလှတို့ ဈေးဝယ်ပြီး ဆိုင်ရှင် ဒေါ်ခိုင်ခိုင်အောင်နှင့် ၎င်း၏သား ဇင်သက်အောင် (ခ) ဖိုးသားတို့နှင့်အတူ ဆိုင်အတွင်း စကားပြောဆိုနေစဉ် အကြမ်းဖက် PDF အဖွဲ့ဝင်နှစ်ဦး ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။


အဆိုပါ အကြမ်းဖက်သမားနှစ်ဦးက အအေးဝယ်လိုကြောင်း ပြောဆိုကာ ဆိုင်အတွင်း ဝင်ရောက်ပြီး ကိုပြည့်ဖြိုးမောင်၊ မရွှေယမင်းဦးနှင့် ဒေါ်ခိုင်ခိုင်အောင်တို့အား သေနတ်အတိုဖြင့် ရှစ်ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။


ထို့နောက် ဇင်သက်အောင် (ခ) ဖိုးသားမှာ ကြောက်လန့်၍ မှောက်လျက် ခေါင်းငုံ့နေစဉ် အကြမ်းဖက်သမားနှစ်ဦးသည် ဆိုင်ကယ်ဖြင့် ကန်ဆွယ်လမ်းသွယ်မှတစ်ဆင့် ဘူတာရုံအနောက်ဘက်ခြမ်း တောရိုးဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။


ပစ်ခတ်မှုကြောင့် ကိုပြည့်ဖြိုးမောင်တွင် ယာမျက်လုံး ဖောက်ဝင်ဒဏ်ရာတစ်ချက်နှင့် ဝဲဘက်ရင်ဘတ်မှ ဖောက်ဝင်ကာ ဝဲဘက်ကျောသို့ ဖောက်ထွက်ဒဏ်ရာတစ်ချက်၊ မရွှေယမင်းဦးတွင် နောက်လည်ဂုတ် ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ နောက်ကျောယာဘက် ဖောက်ဝင်ဒဏ်ရာတစ်ချက်နှင့် နဖူးယာဘက် ဖောက်ဝင်ဒဏ်ရာတစ်ချက်တို့ ရရှိခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။


ဒေါ်ခိုင်ခိုင်အောင်မှာလည်း ဝဲဘက်ဂျိုင်းအောက် ဖောက်ဝင်ဒဏ်ရာနှစ်ချက်နှင့် ယာဘက်လက်မောင်းဆုံ ဖောက်ဝင်ဒဏ်ရာတစ်ချက် ရရှိခဲ့သဖြင့် တောင်သာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်ကြောင့် ကိုပြည့်ဖြိုးမောင်နှင့် မရွှေယမင်းဦးတို့၏ ၄ လသားအရွယ် ကလေးငယ်တစ်ဦး မိဘနှစ်ပါးစလုံး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN