ရေမြောင်းအတွင်း မျောပါပိတ်မိနေသည့် စည်ပင်ဝန်ထမ်းကို မီးသတ်တပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့

(ပြည်တွင်း) နိုဝင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေမြောင်းပိတ်ဆို့နေသဖြင့် ဆင်း၍ဆယ်ယူရာမှ ရေစီးနှင့်အတူ မျောပါပြီး ရေမြောင်းတစ်ဖက်အပေါက်၌ ပိတ်မိနေသည့် စည်ပင်ဝန်ထမ်းတစ်ဦးကို မီးသတ်တပ်ဖွဲ့ဝင်များက ၁၆ မိနစ်အတွင်း ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နိုဝင်ဘာ ၄ ရက် နံနက် ၈ နာရီ ၅၅ မိနစ်ခန့်က ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၈၃ လမ်းနှင့် ၃၄ လမ်းထောင့်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေမြောင်းပိတ်ဆို့နေသဖြင့် စည်ပင်ဝန်ထမ်း ဦးကျော်မင်းသူက ရေမြောင်းအတွင်း ဆင်း၍ ဆယ်ယူရှင်းလင်းစဉ် ရေစီးနှင့်အတူ မျောပါသွားပြီး ရေမြောင်းတစ်ဖက်အပေါက်၌ ပိတ်မိနေခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကို နံနက် ၉ နာရီတွင် သတင်းရရှိခဲ့သဖြင့် ချမ်းအေးသာစံမြို့နယ် မီးသတ်ဦးစီးမှူး ဦးညီထွေးဦး ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကယ်ဆယ်ခဲ့ရာ နံနက် ၉ နာရီ ၁၁ မိနစ်တွင် ဦးကျော်မင်းသူအား ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းချိန်တွင် ရေမြောင်းများအတွင်း ရေစီးသန်လာနိုင်သဖြင့် ရေမြောင်းအတွင်း ဆင်း၍ ရှင်းလင်းဆယ်ယူရာ၌ အထူးသတိပြုရန် လိုအပ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN