
(ပညာရေး) ဇွန် ၃၀
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၇/၂၀၂၆) တွင် ပညာရေးသည် လူတစ်ဦးချင်းစီ၏ အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး နိုင်ငံ၏ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော မဏ္ဍိုင်တစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆၆၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၂၆၊ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၂၈ နှင့် ၂၉၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅) နှင့် ကလေးသူငယ်အခွင့်အရေးဥပဒေ (၂၀၁၉) တို့အရ ပညာသင်ယူခွင့်ကို ဥပဒေရေးရာအရ အာမခံထားကြောင်းလည်း ဖော်ပြထားသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ၂၀၂၆ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ အောင်မြင်မှုရာခိုင်နှုန်း ၅၂.၃၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
အောင်မြင်သူများအနက် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၃၆ ဦးနှင့် မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၁၀ ဦး စုစုပေါင်း ၄၆ ဦး ပါဝင်ခဲ့ပြီး အင်းစိန်ဗဟိုအကျဉ်းထောင်မှ အောင်မြင်မှုသည် ၅ နှစ်ဆက်တိုက် ၁၀၀ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် အောင်မြင်သူများတွင် ၃ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၆ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၆ ဦး ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။
လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ လူငယ်သင်တန်းကျောင်းများနှင့် မသန်စွမ်းကျောင်းများမှ သင်တန်းသား၊ သင်တန်းသူများလည်း စာမေးပွဲအောင်မြင်ခဲ့ကြပြီး ပညာရေးအခွင့်အရေးကို လူတိုင်းလက်လှမ်းမီနိုင်ရေး၏ အရေးပါမှုကို ထပ်မံအလေးပေးထားကြောင်း သိရသည်။