
(မှုခင်း) ဇွန် ၃၀
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ တာချီလိတ်မြို့တို့တွင် စိတ်ကြွဆေးပြားများနှင့် စိတ်ပြောင်းဆေးဝါး ကက်တမင်းများ ဖမ်းဆီးရမိကြောင်း သိရသည်။
ဇွန်လ ၂၇ ရက်နေ့ ညနေ ၅နာရီ၅၅မိနစ် အချိန်တွင် မိုင်းဆတ်မြို့နယ်၊ မိုင်းကန်းကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အိုက်ရုန်း မောင်းနှင်လာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၁၈,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၈၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ စိတ်ကြွဆေးပြားများသယ်ဆောင်လာသူ အိုက်ရုန်း(၄၃)နှစ်အား မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အလားတူ ယင်းနေ့ မွန်းလွဲ၂နာရီခွဲ အချိန်တွင် တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ မယ်ဆိုင်ရေချောင်းဘေးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လမ်းလျှောက်လာသည့် ထိုင်းနိုင်ငံသား Mr. Chairat Visitsri(ချိုင်းလက် ဝစ်စ်စီ)အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး ကက်တမင်း အလေးချိန် ၈ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉၆၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
၎င်း စိတ်ပြောင်းဆေးဝါးများသယ်ဆောင်လာသူ Mr. Chairat Visitsri (ချိုင်းလက် ဝစ်စ်စီ)(၂၈)နှစ်အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။