(ပြည်တွင်း)အောက်တိုဘာ ၂၉
ရန်ကုန်-ပြင်ဦးလွင် ခရီးစဉ်ပြေးဆွဲနေသည့် ‘နယူးမန္တလာထွန်း’ယာဉ်လိုင်းအား သက်ဆိုင်ရာမှပြေးဆွဲ ခွင့် ပိတ်လိုက်ကြောင်း ‘နယူးမန္တလာထွန်း’ယာဉ်လိုင်းဘက်မှ ထုတ်ပြန်ထားသည့် တောင်းပန်စာတွင် ဖော်ပြထားကြောင်း သိရသည်။
ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း၊ ၁၉မိုင်မှာအောက်တိုဘာလ ၂၄ ရက်က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သည့်အတွက် နယူးမန္တလာထွန်းယာဉ်လိုင်းက လူမှုကွန်ရက်မှတဆင့် အောက်တိုဘာ ၂၈ ရက်ညပိုင်းတွင် အဆိုပါတောင်းပန်စာ ထုတ်ပြန်ထားသည်။
အဆိုပါယာဉ်မတော်တဆမှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်မှ ခရီးသည် ငါးဦးအပါအဝင် စုစုပေါင်း ၈ ဦး အသက်ဆုံးရှုံးခဲ့ပြီး ခရီးသည်အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် မိသားစုတွေနဲ့အတူ ထပ်တူဝမ်းနည်းရကြောင်း ဖော်ပြထားသည်။
ထိခိုက်ဒဏ်ရာရရှိသူများကိုလည်း ပြင်ဦးလွင်ဆေးရုံ၊ မန္တလေးဆေးရုံကြီးနှင့် မန္တလေးကလေးဆေးရုံတို့၌ ကုသမှုများ ဆက်လက်ပြုလုပ်ပေးနေကြောင်း၊ နယူးမန္တလာထွန်းယာဉ်လိုင်းအနေဖြင့် အသက်ဆုံးရှုံးခဲ့ရသည့်ခရီးသည်များနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ခရီးသည်များအတွက် အာမခံကိစ္စရပ်များအပြင် လိုအပ်သည့်ကုသမှုများကို ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တောင်းပန်စာ၌ ဖော်ပြထားသည်။

Telegram – t.me/positiveanglenews
#PAN