ပင်လယ်ကွေ့စစ်ရေးပဋိပက္ခများကြားမှ အီရန်နှင့် ကာတာတွင် တွေ့ဆုံဆွေးနွေးမည်ဟု သမ္မတထရမ့် ကြေညာ၊ တိုက်ရိုက်ဆွေးနွေးရန်မရှိဟု အီရန်ဘက်က ငြင်းဆို

(နိုင်ငံတကာ) ဇွန် ၃၀ 

   ပင်လယ်ကွေ့ဒေသအတွင်း အမေရိကန်နှင့် အီရန်တို့အကြား စစ်ရေးအရ လက်နက်ကိုင်ပစ်ခတ်မှုများ အပြန် အလှန်ရှိနေသော်လည်း သံတမန်ရေးရာ ဆွေးနွေးမှု လမ်း ကြောင်းကို ဆက် လက်ထိန်းသိမ်းသည့်အနေဖြင့် အင်္ဂါနေ့တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ တွေ့ဆုံပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။

     သို့သော်လည်း ယခုတွေ့ဆုံမှုသည် အမေရိကန်နှင့် တိုက် ရိုက်ဆွေးနွေးခြင်းမဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းတုံ့ပြန်ခဲ့သည်။           

    သမ္မတထရမ့်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် “အီရန်ဘက်က တွေ့ဆုံဖို့ တောင်းဆိုထားပါတယ်။ မနက်ဖြန် ဒိုဟာမှာ တွေ့ဆုံပွဲဖြစ်မြောက်မှာပါ” ဟု ရေးသားခဲ့သည်။ အိမ်ဖြူတော်ကလည်း အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် ထရမ့်၏ သားမက်ဖြစ်သူ ဂျာရက် ကွတ်ရှ်နာ (Jared Kushner) တို့ ဦးဆောင်သည့် အဆင့်မြင့်ဆွေးနွေးရေးအဖွဲ့ကို ကာတာသို့ စေလွှတ်ထားကြောင်း အတည်ပြုသည်။          

     သို့သော် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ အက်စ်မေးလ် ဘာဂါအီ (Esmaeil Baghaei)က အီရန်ကိုယ် စားလှယ်အဖွဲ့ ကာတာသို့ သွားရောက်မည်မှာ အမှန်ဖြစ်သော် လည်း ယခင်ကချုပ်ဆိုခဲ့သည့် နားလည်မှုစာချွန်လွှာ (MoU) ကိစ္စရပ်များအတွက်သာဖြစ်ပြီး အမေရိကန်ကိုယ်စားလှယ်များနှင့် မည်သည့်အဆင့်တွင်မျှ တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန် အစီ အစဉ်မရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

     ယခုလအစောပိုင်းက နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ရရှိပြီးနောက် အဓိကအတားအဆီးဖြစ်သည့် အီရန်၏ နျူကလီးယားအစီအစဉ်အပေါ် ရက်ပေါင်း ၆၀ ကြာ ညှိနှိုင်းဆွေး နွေးမှုကာလ စတင်နေချိန်တွင် ယခုကဲ့သို့ အပြန်အလှန် ပစ်ခတ်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

    အစ္စရေး၏ လီဘနွန်အပေါ် ဆက်တိုက်တိုက်ခိုက်မှုများအပြင် အဓိကရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို အီရန်က ထိန်းချုပ်ရန် ကြိုး ပမ်းမှုများကြောင့် အခြေအနေများ ပြန်လည်တင်းမာလာခဲ့သည်။

    အီရန်ဘက်က ၎င်းတို့သတ်မှတ်ထားခြင်းမရှိသည့် ရေလမ်း ကြောင်းမှ ဖြတ်သန်းသော သင်္ဘောများကို ပစ်ခတ်ခဲ့သလို၊ အမေရိကန်ကလည်း အီရန်စစ်စခန်းများကို ပြန် လည်တိုက်ခိုက်ခဲ့သည်။ ထို့ပြင် အီရန်၏ ဒရုန်းနှင့် ဒုံးကျည်များက ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စခန်းများကို ပစ်မှတ်ထားခဲ့သည်။

     အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ်က အမေရိကန်အနေဖြင့် အပစ်ရပ်ရေးကို ထိန်းသိမ်းထားသော်လည်း အီရန်က ကုန်သွယ်ရေးသင်္ဘောများနှင့် အမေရိကန်အကျိုးစီးပွားကို ဆက်လက်တိုက်ခိုက်ပါက “အကြမ်း ဖက်မှုကို အကြမ်းဖက်မှုဖြင့်သာ တုံ့ပြန်မည်” ဟု သတိပေးထားသည်။

     စစ်ရေးတင်းမာမှုများ ရှိနေသော်လည်း ယခုသဘောတူညီချက်များကြောင့် အီရန်၏ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှု လျော့ကျသွားပြီး ကမ္ဘာ့ရေနံဈေးကွက်အပေါ် သက် ရောက်မှုရှိကာ အမေရိကန်ပြည်ထောင်စုအတွင်း ဓာတ်ဆီဈေးနှုန်းများ တရိပ်ရိပ်ကျဆင်းလာမှုကို သမ္မတထရမ့်က ချီးကျူးစကားဆိုခဲ့သည်။ လက်ရှိတွင် အမေရိကန်၌ ဓာတ်ဆီတစ်ဂါလန်လျှင် ၃.၈၆ ဒေါ်လာအထိ ကျဆင်းသွားခဲ့ပြီဖြစ်သည်။

     သမ္မတထရမ့်က သတင်းထောက်များအား “ကျွန်တော်တို့ဟာ အီရန်အပေါ် စစ်ရေးအရ အနိုင်ရနေပါတယ်။ ဒိုဟာမှာလုပ်မယ့် တွေ့ဆုံပွဲက အရေးကြီးချင်လည်း ကြီးမယ်၊ မကြီးချင်လည်း မကြီးဘူး။ စောင့်ကြည့်ရမှာပဲ” ဟု ပြောကြားကာ သံတမန်ရေးရာ အကျိုးအမြတ်အတွက် ဆက် လက်စောင့်ကြည့်သွားမည်ဖြစ် ကြောင်း အသိပေးခဲ့သည်။

Telegram»…
https://t.me/positiveanglenews

#PAN