နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ လမ်းညွှန်မှာကြား

(ပြည်တွင်း) ဇွန် ၂၉

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်ရမည့် အဓိကတာဝန်ဖြစ်ပြီး နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်လာမှသာ နိုင်ငံ၏ ရေရှည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) တွင် လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်မှု၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ်မြှင့်တင်ရေးနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆွေးနွေးခဲ့သည်။

နိုင်ငံတော်သမ္မတက လမ်းညွှန်ရာတွင် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်အစိုးရ၏ အဓိကတာဝန်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အစိုးရသက်တမ်း (၅) နှစ်အတွင်း နိုင်ငံငြိမ်းချမ်းရေးရရှိရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မငြိမ်းချမ်းမှုနှင့် ပဋိပက္ခများသည် ဖွံ့ဖြိုးရေးအတွက် အဓိကအဟန့်အတားဖြစ်ကြောင်း၊ EAOs များအား ကြိုတင်ကန့်သတ်ချက်မရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်လိုကြောင်းလည်း ပြောကြားခဲ့သည်။

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများသို့ ပညာရှင်များနှင့် ကျွမ်းကျင်သူများ ရောက်ရှိရေးကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများ ပူးပေါင်းဆောင်ရွက်ရန်လည်း လမ်းညွှန်ခဲ့သည်။

ထို့အပြင် အသိပညာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရကောင်းမွန်ရေးကို အလေးထားဆောင်ရွက်ရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို နယ်စပ်ဒေသဖွံ့ဖြိုးရေး၏ အခြေခံအဖြစ် တိုးမြှင့်ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းများနှင့် အခြေခံပညာ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ ဖွင့်လှစ်ထားရှိပြီး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။

နောက်ဆုံးတွင် နိုင်ငံအနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲများကို စုပေါင်းအင်အားဖြင့် ညှိနှိုင်းဖြေရှင်းကာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

#PAN