
(နိုင်ငံတကာ) ဇွန် ၂၉
အမေရိကန်ပြည်ထောင်စုက ကြားဝင်စေ့စပ်ပေးမှုကြောင့် အစ္စရေးနှင့် လက်ဘနွန်တို့အကြား စစ်ပွဲအဆုံး သတ်ရန် ဝါရှင်တန်ဒီစီ၌ သဘောတူညီချက် လက်မှတ်ရေး ထိုးခဲ့ပြီး ရက်ပိုင်းမျှသာ ရှိသေးသော်လည်း၊ အစ္စရေးစစ်ဘက်က လက်ဘနွန်တောင်ပိုင်းအပေါ် လေကြောင်းတိုက် ခိုက်မှုများ ပြန်လည်စတင်လိုက်သဖြင့် အသစ်စက် စက်ရရှိထားသော ငြိမ်းချမ်းရေးမှာ စိန်ခေါ်မှုကြီးစွာနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
ငါးကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပြီးနောက် ပြီးခဲ့သည့် သောကြာ နေ့ (ဇွန် ၂၆) ကမှ နှစ်ဖက်အစိုးရအကြား မူဘောင်စာချုပ် လက် မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း စာချုပ်ချုပ်ဆိုပြီး နှစ်ရက်အကြာ တနင်္ဂနွေ နေ့တွင် အစ္စရေးက လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာ (Hezbollah)အဖွဲ့ဝင်များကို ပစ် မှတ်ထားသည်ဟုဆိုကာ ပြန်လည်ဗုံးကြဲခဲ့သဖြင့် လက်ဘနွန်အရပ်သားတစ်ဦး သေ ဆုံးခဲ့ရပြီး၊ အရှေ့မြောက်ပိုင်း ဗာလ်ဘက်ခ် (Baalbek) မြို့အထက်တွင်လည်း အစ္စရေးတိုက်လေယာဉ်များနှင့် ဒရုန်းများက စစ်ရေးပြကွက်ဆန်ဆန် ပျံသန်းမှုများ ပြုလုပ်ခဲ့သည်။
တစ်ဖက်တွင်လည်း တောင်ပိုင်းတိုက်ပွဲအတွင်း အစ္စရေး အထူးခြေလျင်တပ်ဖွဲ့ (Golani Brigade) မှ အသက် ၂၁ နှစ်အရွယ် ဗိုလ်ကြီး ဒေးဗစ် ဟာဇွတ် (David Hazutt) သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုသည်။
ယခုစာချုပ်သည် လက်ဘနွန်မှ အစ္စရေးတပ်များ ခြွင်းချက်မရှိ ရုပ်သိမ်းပေးရန် ပြဋ္ဌာန်းထားခြင်း မရှိဘဲ၊ ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်စွန့်လွှတ်ခြင်းနှင့်သာ ချိတ်ဆက်ထား သည်။ ထို့ကြောင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ၎င်းစာချုပ်သည် “သမိုင်း ဝင်အောင်ပွဲ” ဖြစ်ပြီး “အီရန်နှင့် ဟစ်ဇ်ဘိုလာကို အကြီးအကျယ် ထိုးနှက်ချက်” ဟု ခေါ်ဆိုခဲ့သလို၊ ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ် ကလည်း ဟစ်ဇ်ဘိုလာတို့ လက်နက်မစွန့်သရွေ့ ကြားခံဇုန် (Buffer Zone) တွင် အစ္စရေးတပ်များ ရေရှည်ဆက်ရှိနေမည်ဟု ဆိုသည်။
ဟစ်ဇ်ဘိုလာခေါင်းဆောင် နာအင် ကာဆမ် (Naim Qassem) က ယခုစာချုပ်သည် “အရှက်ရစရာနှင့် အချုပ်အခြာ အာဏာကို အညံခံခြင်း” ဟုဆိုကာ ချက်ချင်းပယ်ချခဲ့ပြီး ၎င်းတို့၏ တိုက်ခိုက်ရေးသမားများ စစ်မြေပြင်က ထွက်ခွာမည်မဟုတ်ကြောင်း ကြေညာခဲ့သည်။
ဟစ်ဇ်ဘိုလာလွှတ်တော်အမတ် ဟာဆန် ဖတ်ဒ်လာလာ ကလည်း အကယ်၍ လက်ဘနွန်အစိုးရစစ်တပ်က အမေရိကန်ခိုင်းသည့်အတိုင်း ယခုစာချုပ်ကို အတင်းအကျပ် အကောင်အထည် ဖော်ရန် ကြိုးပမ်းလာပါက နိုင်ငံအတွင်း ပြည်တွင်းစစ်ပွဲ (Internal Conflict) ဆီသို့ ဦးတည်သွားလိမ့်မည်ဟု သတိပေးထားပြီး မြို့တော်ဘေရွတ်တွင်လည်း စာချုပ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
တစ်ဖက်တွင်လည်း အစ္စရေး၏ လက်ယာစွန်းရောက် အမျိုး သားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂါဗီယာ က ယခုစာချုပ်သည် ဟစ်ဇ်ဘိုလာကို အသက်ဆက်လမ်းပေးလိုက်ခြင်းသာဖြစ်၍ မိမိအနေဖြင့် အစိုးရအဖွဲ့အတွင်း ဆက်လက်ကန့်ကွက်သွားမည်ဟု ဆိုသည်။
ယခုစစ်ပွဲသည် ပြီးခဲ့သည့် မတ်လ ၂ ရက်က အီရန်အမြင့်ဆုံးခေါင်းဆောင် လုပ်ကြံခံရမှုကို လက်စားချေရန် ဟစ်ဇ်ဘိုလာက အစ္စရေးကို ဒုံးကျည်ဖြင့် ပစ်ခတ်ရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး၊ ထိုအချိန်မှစ၍ လက်ဘနွန်တွင် လူပေါင်း ၄,၂၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။
လက်ရှိတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီက အစ္စရေးအနေဖြင့် တိုက်ခိုက်မှုများရပ်တန့်ရန်နှင့် နယ်မြေများမှ ပြန်လည်ရုပ်သိမ်းရန် ဝါရှင်တန်အစိုးရအနေဖြင့် ၎င်း၏ မဟာမိတ်အပေါ် ဖိအားပေးရမည်ဖြစ်ကြောင်း တောင်းဆိုထား သည်။
Telegram»…
https://t.me/positiveanglenews
#PAN