MSME ကဏ္ဍတွင် AI နည်းပညာအသုံးချပြီး ကာလတိုအတွင်း အောင်မြင်မှု (Quick Win) ဖော်ဆောင်ရန်နှင့် ဒေသထွက်ကုန်ကြမ်းအခြေခံ ထုတ်လုပ်မှုများ မြှင့်တင်ရန် ဒုတိယသမ္မတ ဦးညိုစော တိုက်တွန်း   

(ပြည်တွင်း) ဇွန် ၂၉                                 

   နိုင်ငံတော်၏ စီးပွားရေးမောင်းနှင်အားဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အရည် အသွေးမြင့်မားလာစေရန်၊ ကာလတိုအတွင်း ထိရောက်သော အောင်မြင်မှု (Quick Win) များ ဖော်ဆောင်နိုင်ရန်နှင့် MSME လုပ်ငန်းများတွင် ခေတ်မီ AI (Artificial Intelligence) နည်းပညာကို ထည့်သွင်းအသုံးချရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ် ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးညိုစောက တိုက်တွန်းပြောကြားလိုက်သည်။    

     ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ စက်မှုဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်သည့် MSME ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော် မတီ အစည်းအဝေး (၁/၂၀၂၆) တွင် ဒုတိယသမ္မတက အဖွင့်အမှာစကား ပြောကြားရာ၌ ကမ္ဘာ့ MSME နေ့ အထိမ်းအမှတ် အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ပေးအပ်ခဲ့သည့် လမ်းညွှန်ချက်များကို မြေပြင်တွင် ထိရောက်စွာ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ထည့် သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။                  

     ဒုတိယသမ္မတက ပြည်တွင်းပြည်ပ ဈေးကွက်ဝင် အရည် အသွေးမီ ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော ကုန်ကြမ်း၊ နည်းပညာ၊ အရင်းအနှီးနှင့် ကျွမ်းကျင်လုပ်သား အင်အား (၄) ရပ်ကို စနစ်တကျ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ အထူး သဖြင့် နိုင်ငံတော်အတွက် အလားအလာကောင်းမွန်သော ဝါဂွမ်း၊ ဝါး၊ ရော်ဘာနှင့် ကော်ဖီ ထုတ်ကုန်များ ထုတ်လုပ်မှုကို ယခုထက် ပိုမိုမြှင့်တင်ရန်နှင့် စိုက် ပျိုးရေး ထွက်ကုန်များ၏ အရည်အသွေးနှင့် အရေအတွက်ကိုပါ တိုးမြှင့်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ထွက်ရှိသည့် MSME ထုတ်ကုန်အသစ်များကို ပြပွဲများတွင် ပိုမိုကျယ် ပြန့်စွာ ပြသသွားရန် လမ်းညွှန်ခဲ့သည်။                 

     ထို့ပြင် ပြည်တွင်းစားသုံးဆီဖူလုံမှု ရှိစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်၊ ဒေသတစ်ခု-ထုတ်ကုန်တစ်ခု (One Region-One Product) စီမံကိန်းကို ဖော်ဆောင်ရာတွင် ပြည်တွင်းဖြစ် ကုန် ကြမ်းများကိုသာ အဓိကအခြေခံ အသုံးပြုရန် ၎င်းက တိုက်တွန်းခဲ့သည်။ ကော်မတီအနေဖြင့် MSME လုပ် ငန်းများအတွက် မရှိမဖြစ်လိုအပ်သော ရေနှင့် လျှပ်စစ်မီး ရရှိရေးကို အကောင်းဆုံး စီမံခန့်ခွဲပေးရမည်ဖြစ်ပြီး၊ လုပ် ငန်းများ ပိုမိုမြန်ဆန်သွက်လက်ကာ ကာလတိုအတွင်း ရလဒ်ကောင်း (Quick Win) ထွက်ပေါ် လာစေရန် ခေတ်မီ AI နည်းပညာကို လုပ်ငန်းလည်ပတ်မှုစနစ်များတွင် အသုံးချကြရန် အလေးပေး ပြောကြားခဲ့သည်။           

     အစည်းအဝေးတွင် လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် MSME အေ ဂျင်စီ ဥက္ကဋ္ဌတို့က ယခင်အစည်းအဝေး (၁/၂၀၂၅) ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို ရှင်း လင်းတင်ပြခဲ့ကြပြီး၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက် တာချာလီသန်းက နိုင်ငံတော်မူဝါဒများနှင့်အညီ ဆက်လက်လုပ်ဆောင်မည့် လုပ်ထုံးလုပ် နည်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

     တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များကလည်း ကုန်သွယ်မှုနှင့် ဝန်ဆောင်မှု ကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါး၊ ဝါဂွမ်း၊ ရော်ဘာနှင့် ကော်ဖီ လုပ်ငန်းကဏ္ဍများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်မည့် အစီအမံများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။        

Telegram»…
https://t.me/positiveanglenews

#PAN