အပစ်ရပ်စဲရေးကြားမှ ဂါဇာ ‘ဘေးကင်းလုံခြုံရာဇုန်’ ရှိ တဲစခန်းများကို အစ္စရေးဒရုန်းဖြင့် တိုက်ခိုက်၊ ပါလက်စတိုင်းမောင်နှမနှစ်ဦး အပါအဝင် ကလေးငယ်များ ထပ်မံသေဆုံး

(နိုင်ငံတကာ) ဇွန် ၂၈  

   ဂါဇာကမ်းမြောင်ဒေသရှိ အချို့သော နယ်မြေများကို ပါလက်စတိုင်း အရပ်သားများအတွက် ‘ဘေးကင်းလုံခြုံရာဇုန်’ အဖြစ် သတ်မှတ်ပေးထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရှိနေသော်လည်း အစ္စရေးတပ်ဖွဲ့များသည် ရွှေ့ပြောင်းဒုက္ခသည်များ ခိုလှုံရာ တဲစခန်းများကို ဆက်လက်တိုက်ခိုက်ခဲ့သဖြင့် အသက် ၁၅ နှစ်အရွယ် ပါလက်စတိုင်း မိန်းကလေးငယ်တစ်ဦး အပါအဝင် မောင်နှမနှစ်ဦး ထပ်မံသေဆုံးသွားခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များက အတည်ပြုသည်။          

     စနေနေ့က ခန်ယူနစ်(Khan Younis)မြို့ အနောက်ဘက်ရှိ အယ်လ်မာဝါစီ (al-Mawasi) ‘ဘေးကင်းလုံခြုံရေးဇုန်’ အတွင်းရှိ ယာယီတဲစခန်းနှစ်ခုကို အစ္စရေးဒရုန်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

   ယင်းတိုက်ခိုက်မှုကြောင့် အသက် ၁၅ နှစ်အရွယ် အစ္စလမ် မူဆာ (Islam Moussa)နှင့် သူမ၏ အစ်ကိုဖြစ်သူ အသက် ၃၀ အရွယ် အဗ္ဗဒူလာ မူဆာ (Abdullah Moussa) တို့ မောင်နှမနှစ်ဦး နေရာ၌ပင် သေဆုံးခဲ့ရသည်။ ဒေသတွင်း အရပ်ဘက်ကာ ကွယ်ရေးအဖွဲ့များက ၎င်းတိုက်ခိုက်မှုနေရာမှ ဒဏ်ရာရရှိသူ အရပ်သား ၇ ဦးကို ကယ်ဆယ်ကာ နာဆာဆေးရုံနှင့် ကြက်ခြေနီဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ရသည်။              

     ထို့ပြင် လွန်ခဲ့သည့်ရက်ပိုင်းက အဆိုပါ အယ်လ်မာဝါစီ ဘေးကင်းလုံခြုံရာဇုန်အတွင်း အစ္စရေး၏ ဗုံးကြဲမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့် အသက် ၁၀ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ် ဝါလစ် ယူဆက်ဖ် အာဘူ ဂျာဇာ (Walid Youssef Abu Jazar) သည်လည်း နာဆာဆေးရုံ၌ ဒဏ်ရာများဖြင့် ထပ်မံသေဆုံးသွားခဲ့သည်။

     ဂါဇာစီးတီး အနောက်ဘက်ရှိ ဒုက္ခသည်တဲစခန်းတစ်ခုကိုလည်း အစ္စရေးက ဆက်လက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အများစုမှာ အမျိုးသမီးများနှင့် စိုးရိမ်ရသည့် လူနာများဖြစ်ကြောင်း အယ်လ်ရှီဖာဆေးရုံက ဆိုသည်။

     အယ်လ်ဂျာဇီးရား သတင်းထောက် တာရက်ခ် အာဘူ အက်ဇွန်း၏ မြေပြင်သတင်းပေးပို့ချက်အရ အစ္စရေးသည် ပြီးခဲ့သည့်နှစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးကတည်းက “အပြင်းထန်ဆုံး ဖိအားပေးခြင်း (Maximum Pressure)” မူဝါဒကို ကျင့်သုံးကာ ၎င်းတို့ကိုယ်တိုင် သတ်မှတ်ထားသည့် ဘေးကင်းရာဇုန်များရှိ တဲစခန်းများကို ဒရုန်းများဖြင့် ဝေဟင်မှ ဆက် တိုက်ကွပ်ကဲ တိုက်ခိုက်နေခြင်း ဖြစ်သည်။                      

    ယခုတိုက်ခိုက်မှုများသည် ဂါဇာတွင် ကလေးသူငယ်များ စနစ် တကျ ပစ်မှတ်ထားခံနေရခြင်းကို ကုလသမဂ္ဂ (UN)၏ အစီရင် ခံစာ ထွက်ပေါ်လာပြီးနောက်ပိုင်း ထပ်မံဖြစ်ပွားလာခြင်း ဖြစ် သည်။ ယင်းအစီရင်ခံစာအရ ၂၀၂၃ ခုနှစ် အောက်တိုဘာလ လူမျိုးတုံးသတ်ဖြတ်မှု စတင်ကတည်းက သေဆုံးသူ စုစုပေါင်း ၏ ၃၀ ရာခိုင်နှုန်းခန့်မှာ ကလေးငယ်များ ဖြစ်ကြသည်။                      

     ကော်မရှင်နာ ခရစ် ဆီဒိုတီ (Chris Sidoti) အပါအဝင် ကုလသမဂ္ဂတာဝန်ရှိသူများနှင့် ကလေးသူရေးလှုပ်ရှားသူများက ကမ္ဘာ့နိုင်ငံများအနေဖြင့် ယခုသတ်ဖြတ်မှုများကို တားဆီးရန်နှင့် ဥပဒေကြောင်းအရ အရေးယူရန် ပျက်ကွက်နေကြောင်း ပြင်း ထန်စွာ ဝေဖန်ရှုတ်ချထားသည်။           

   ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန် ချက်အရ ၂၀၂၃ အောက်တိုဘာမှစ၍ အစ္စရေးစစ်ပွဲကြောင့် ပါလက်စတိုင်း ပြည်သူ အနည်းဆုံး ၇၃,၀၄၃ ဦး သေဆုံးကာ ၁၇၃,၄၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီးဖြစ်သည်။ ၎င်းအပြင် အပစ်ရပ်စဲရေး စတင်ခဲ့သည့် ပြီးခဲ့သည့်အောက်တိုဘာလနောက် ပိုင်းတွင်ပင် အစ္စရေးတပ်ဖွဲ့များကြောင့် ပါလက်စတိုင်းပြည်သူ ၁,၀၃၁ ဦးကို သတ် ဖြတ်ခဲ့ပြီး ၃,၃၀၉ ဦးကို ဒဏ်ရာရရှိစေခဲ့ကြောင်း ဝန်ကြီးဌာနက ထပ်မံဖြည့်စွက်ပြောကြားထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN