ကာတာနိုင်ငံ၏ ရက်စ်လတ်ဖန် ဧရာမ LNG ဓာတ်ငွေ့စက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွား၍ အလုပ်သမား ၁၃ ဦး သေဆုံး၊ စွမ်းအင်ဝန်ကြီးက မတော်တဆမှုသာဖြစ်ပြီး ကမ္ဘာ့ဓာတ်ငွေ့တင်ပို့မှုကို မထိခိုက်ဟုဆို             

(နိုင်ငံတကာ) ဇွန် ၂၃      

    ကမ္ဘာ့ထောက်ပံ့မှုပမာဏ၏ ငါးပုံတစ်ပုံခန့်ကို ထုတ်လုပ်ပေးနေသည့် ကာတာနိုင်ငံ၏ အဓိက သဘာဝဓာတ်ငွေ့ရည် (LNG) ပြုပြင်ထုတ်လုပ်ရေး အချက်အချာနေရာဖြစ်သော ရက်စ်လတ်ဖန် (Ras Laffan) စက်မှုမြို့တော်အတွင်းရှိ ဘာဇန် (Barzan) ဓာတ်ငွေ့အဆောက်အအုံတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ နိုင်ငံခြားသားအလုပ်သမား အနည်းဆုံး ၁၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ကာတာနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့် နိုင်ငံပိုင် ကာတာစွမ်းအင်အဖွဲ့အစည်း (QatarEnergy) ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဆာဒ် အယ်လ်ခါဘီ (Saad al-Kaabi) က ယမန်နေ့ ဇွန်လ ၂၂ ရက် (တနင်္လာနေ့) တွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားရာ၌ ယခုပေါက်ကွဲမှုသည် “နည်းပညာပိုင်းဆိုင်ရာ ချို့ ယွင်းမှု” ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ရန်လိုသည့် ဖျက်ဆီးမှု သို့မဟုတ် တိုက်ခိုက်မှုမျိုး မဟုတ်ကြောင်း ရှင်းလင်းခဲ့သည်။

     အဆိုပါ ဧရာမဓာတ်ငွေ့စက်ရုံကြီးသည် အရေးပေါ်ပြုပြင်ထိန်းသိမ်းမှုများကြောင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကတည်းက လည်ပတ်မှု လုံးဝရပ်ဆိုင်းထားခဲ့ရာမှ လွန်ခဲ့သည့် နှစ်ရက်ကမှ လုပ်ငန်းများကို ပထမဆုံးအကြိမ် ပြန်လည်စတင်ခဲ့ခြင်းဖြစ်ပြီး၊ အလုပ်သမားများ စက်ရုံပြန် လည်နှိုးရန် ကြိုးပမ်းနေစဉ်အတွင်း ယခုကဲ့သို့ မတော် တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။                        

     ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသူအားလုံးမှာ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့မှ လာရောက်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ် သမားများဖြစ်ကြောင်း ဝန်ကြီးက အတည်ပြုခဲ့သော်လည်း ဒဏ် ရာရရှိသူများ၏ အသေးစိတ်အခြေအနေကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

    ကာတာနိုင်ငံသည် အမေရိကန်-အစ္စရေးတို့နှင့် အီရန်အကြား ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း အခြားပင်လယ်ကွေ့ အိမ်နီးချင်းနိုင်ငံများကဲ့သို့ပင် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ရပြီး၊ ပြီးခဲ့သည့် မတ်လအတွင်းကလည်း အဆိုပါ ရက်စ်လတ်ဖန် စက်မှုဗဟိုချက်သည် အီရန်၏ တိုက်ခိုက်မှုကြောင့် “သိသာထင်ရှားသော ထိခိုက်ပျက်စီးမှုများ” ကြုံတွေ့ခဲ့ရဖူးသည်။                

    သို့သော် ယခုဖြစ်စဉ်သည် စစ်ပွဲနောက်ဆက်တွဲ တိုက်ခိုက်မှုမဟုတ်ဘဲ စက်ရုံတွင်း ချို့ယွင်းမှုသာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆိုကာ ပြည်သူလူထုကို ဘေး အန္တရာယ်ဖြစ်စေမည့် ဓာတ်ငွေ့ယိုစိမ့်မှုမျိုး မရှိကြောင်း သတင်းထုတ်ပြန်ထား သည်။

     ကာတာစွမ်းအင်အဖွဲ့အစည်း (QatarEnergy) က အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ စေလွှတ်၍ မီးကို ချက်ချင်းထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်းနှင့် ဤပေါက်ကွဲမှုကြောင့် ကာတာနိုင်ငံ၏ ကမ္ဘာ့နိုင်ငံအသီးသီးသို့ သဘာဝဓာတ်ငွေ့ရည် တင်ပို့မှုကဏ္ဍအပေါ် တစ်စုံတစ်ရာ ထိခိုက်မှုရှိမည်မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။                              

Telegram»…
https://t.me/positiveanglenews

#PAN