(မှုခင်း) ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီ ဝေါမြို့နယ်တွင် ကရင်ပြည်နယ်သို့သယ်ဆောင်သည့် ငွေကျပ် ၆၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန်ကျော်နှင့်စိတ်ကြွဆေးပြား ၆ သန်းကျော်ဖမ်းဆီးရမိကြောင်း သိရသည်။
ဇွန်လ ၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်က ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် ယာဉ်မောင်း စိုင်းမောင်မောင် မောင်းနှင်ပြီး မြတ်နိုးအောင် လိုက်ပါလာသည့် FAN အမျိုးအစား ၂၂ ဘီးယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက် သယ်ဆောင်လာသည့် ဒေသတန်ဖိုးငွေကျပ် ၆၂ ဒသမ ၀၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅၁ တန်၊ စိတ်ကြွဆေးပြား ၆ ဒသမ ၁၅ သန်းတို့အား ဖမ်းဆီးရမိခဲ့ပါသည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများအား ပျဉ်းမနားမြို့နယ်မှ ဘားအံသို့ သယ်ဆောင်ခိုင်းသူမှာ တောင်ငူမြို့၊ ထီးလှိုင်(၁)ရပ်ကွက်နေ အောင်ဇေယျဖြိုး(ခ) ကျော်သူရ(ခ)သူရ(ခ)ကြက်ခေါင်း (ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်းသိရသည်။
ထို့ပြင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့်ငွေကြေး အကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

#PAN