မူဆယ်မြို့တွင် တရုတ်နိုင်ငံသားများ အပါအဝင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်သူ ၅၉ ဦးကို သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ  

(နိုင်ငံတကာ) ဇွန် ၂၃                                 

    ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရားမဝင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှု (ကျားဖြန့်) ပြုလုပ်နေသည့် ဂိုဏ်းတစ်ခုကို လုံခြုံ ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းကာ တရုတ်နိုင်ငံသားများနှင့် မြန်မာ နိုင်ငံသား စုစုပေါင်း ၅၉ ဦးကို သက်သေခံပစ္စည်းအမြောက် အမြားနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။                         

  နယ်စပ်ဒေသအတွင်း အွန်လိုင်းဒုစရိုက်လုပ်ငန်းများ အခြေ ပြုနေထိုင်ခြင်း မရှိစေရန်အတွက် လုံခြုံရေးပူးပေါင်းအဖွဲ့များက နယ်မြေရှင်းလင်း ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယနေ့ ဇွန်လ ၂၃ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်တွင် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသူများကို လက်ရ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

     ဖမ်းဆီးရမိသူများတွင် နောက်ကွယ်မှ ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၂ ဦးနှင့်အတူ မြန်မာ နိုင်ငံ သား အမျိုးသား ၄၇ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစု ပေါင်း ၅၉ ဦး ပါဝင်ပြီး ၎င်းတို့နှင့်အတူ လုပ်ငန်းသုံး ဖုန်းမျိုးစုံ ၂၀၀ လုံး၊ All In One ကွန်ပျူတာ ၁၀ လုံး၊ လက်ပ်တော့ (Laptop) ၅ လုံးနှင့် ဆိုင်ကယ်မျိုးစုံ ၁၀ စီးတို့ကို သက်သေခံပစ္စည်းများအဖြစ် သိမ်း ဆည်းရမိခဲ့သည်။     

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် တရုတ်နှင့် မြန်မာနိုင်ငံ သား ၅၉ ဦးကို လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျက်ရှိပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ သိမ်းဆည်းရမိသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းအတိုင်း ဆက် လက် စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း သိရသည်။                      

     တာဝန်ရှိသူများ၏ ပြောကြားချက်အရ အများပြည်သူအကျိုး စီးပွားနှင့် လူမှုဘဝများကို ပျက်စီးစေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လုံးဝအမြစ်ပြတ် ပပျောက်သွားစေရန်နှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရန်အတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် တက်ကြွစွာ ပူး ပေါင်း၍ ပြတ်ပြတ်သားသား ဆက်လက်နှိမ်နင်း တိုက်ဖျက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။              

Telegram»…
https://t.me/positiveanglenews

#PAN