
(နိုင်ငံတကာ) ဇွန် ၂၃
အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ချုပ်ဆိုထားသည့် ပူးတွဲနားလည်မှုစာချွန်လွှာ (MoU) ဆိုင်ရာ ကိစ္စရပ်များနှင့် ကမ္ဘာ့အရေးပါဆုံး ရေနံသယ်ယူပို့ဆောင်ရေးလမ်း ကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ၏ အနာဂတ်အခြေအနေတို့ကို ဆွေးနွေးရန်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) သည် ယခုသီတင်းပတ်အတွင်း အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ အာရပ်စော်ဘွားများပြည်ထောင်စု(UAE)၊ ကူဝိတ်နှင့် ဘာရိန်းနိုင်ငံတို့သို့ သွားရောက်လည်ပတ်မည် ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၎င်းခရီးစဉ်အတွင်း အီရန်နှင့် ရရှိထားသည့် ရက်ပေါင်း ၆၀ ကြာ တင်းမာမှုများဆိုင်းငံ့ရေး ဆွေးနွေးပွဲမူဘောင်များ၊ ဟော်မုဇ်ရေလက်ကြားအတွင်း အပြည့်အဝ လွတ်လပ်ပြီး ဘေးကင်းလုံခြုံသော သင်္ဘောသွားလာမှု ရရှိစေရေးနှင့် ဒေသတွင်းရေရှည်တည်ငြိမ်ရေးတို့ကို အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘာရိန်းနိုင်ငံ၌ ဆော်ဒီအာရေးဗီးယား၊ ကာတာနှင့် အိုမန်တို့ ပါဝင်သည့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင် စီ (GCC) အဖွဲ့ဝင်နိုင်ငံများနှင့်လည်း တွေ့ဆုံကာ ဒေသတွင်းလုံခြုံရေး မိတ်ဖက်ဖြစ်မှုများကို ပြန်လည်ညှိနှိုင်းမည်ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလနှောင်းပိုင်းက အမေရိကန်-အစ္စ ရေးတို့နှင့် အီရန်အကြား စစ်ရေးအရ တင်းမာမှုများ ဖြစ်ပွားခဲ့စဉ်အတွင်း အီရန်၏ ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်အခြေစိုက်စခန်းများရှိရာ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများ၏ အရပ်ဘက်အခြေ ခံအဆောက်အအုံများ ထိခိုက်ခဲ့ပြီး ဝါရှင်တန်၏ လုံခြုံရေးအာမခံချက်အပေါ် မေးခွန်းထုတ်စရာများ ဖြစ်ခဲ့သည်။
ဇွန်လ ၁၇ ရက်တွင် နှစ်ဦးနှစ်ဖက် ကုန်သွယ်ရေးနှင့် ရေနံပိတ်ဆို့မှု ယာယီဖြေလျှော့ရေး MoU လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောသွားလာမှု ပြန် လည်မြင့်တက်လာသော်လည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖြတ်သန်းသည့် သင်္ဘောအစင်းရေ ၇၁ စင်းသာရှိသဖြင့် စစ်ပွဲမတိုင်မီက နေ့စဉ်ပျမ်းမျှ အစင်းရေ ၁၀၀ ကျော် သွားလာမှုနှုန်းအောက်တွင်သာ ရှိနေသေးသည်။
အဆိုပါ ရက်ပေါင်း ၆၀ ကာလအတွင်း အီရန်အနေဖြင့် ရေ လက်ကြားဖြတ်သန်းခ ကောက်ခံခြင်းမပြုရန် MoU တွင် သဘောတူထားသော်လည်း ကာလကုန်ဆုံးပါက ဖြတ် သန်းခများ ပြန်လည်ကောက်ခံရန် အီရန်အရာရှိများက စီစဉ်နေသည့် အတွက် မာကို ရူဘီယို၏ ယခုခရီးစဉ်သည် ပင်လယ်ကွေ့မဟာ မိတ်များနှင့်အတူ အီရန်အပေါ် ရေလမ်းကြောင်းလွတ်လပ်ခွင့်အတွက် ဖိအားပေးညှိနှိုင်းမည့် အရေးပါသော သံတမန်ရေး ခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်ကြောင်း သုတေသီများက သုံးသပ်ထားကြသည်။
Telegram»…
https://t.me/positiveanglenews
#PAN