ပြည်သူများ ဥပဒေအကာအကွယ်အောက်တွင် လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေး အလေးထားဆောင်ရွက်ရန် ဦးခင်ရီ တိုက်တွန်း

(လွှတ်တော်) ဇွန် ၁၆

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ရေးရာဆောင် (I-2) ၌ ဥပဒေကြမ်းကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက လွှတ်တော်တွင် အမြဲတမ်းကော်မတီ (၄) ရပ်ရှိသည့်အနက် ဥပဒေများပြဋ္ဌာန်းရာတွင် ဥပဒေကြမ်းကော်မတီသည် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရကြောင်း ပြောကြားသည်။

ထို့ပြင် ဥပဒေကြမ်းကော်မတီအနေဖြင့် ဥပဒေကြမ်းအသစ်များ ရေးဆွဲခြင်းသာမက လက်ရှိတည်ဆဲဥပဒေများသည် ခေတ်ကာလအခြေအနေနှင့် ကိုက်ညီမှုရှိ၊ မရှိကိုလည်း စိစစ်သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာဘာသာဖြင့် ပြဋ္ဌာန်းထားသော ဥပဒေများအပြင် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ ၁၀၀ ကျော်ရှိနေပြီး ယင်းဥပဒေများအနက် ခေတ်နှင့်မကိုက်ညီတော့သည့် ဥပဒေများကို ပယ်ဖျက်နိုင်ရေး သုံးသပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင် အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းသည် ပြည်သူ့လွှတ်တော်သို့ ရောက်ရှိလာပြီဖြစ်သဖြင့် ဥပဒေကြမ်းကော်မတီအနေဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်သုံးသပ်ကာ အစီရင်ခံစာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။

ယနေ့ခေတ်စနစ်နှင့် ကိုက်ညီသည့် ဒီဂျစ်တယ်စီးပွားရေးနှင့် နည်းပညာဆိုင်ရာဥပဒေများ၊ ဉာဏ်ရည်တု (AI) ကြီးကြပ်ကွပ်ကဲမှုဆိုင်ရာ ဥပဒေများ၊ ကိုယ်ရေးအချက်အလက် ကာကွယ်ပေးရေးဆိုင်ရာ Data Privacy Law များ၊ သဘာဝပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှုဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းနိုင်ရေးအတွက် သုံးသပ်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့သည်။

နိုင်ငံတော်အနေဖြင့် ပညာရေးနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေသကဲ့သို့ လွှတ်တော်အနေဖြင့်လည်း ကျောင်းအခြေပြုအားကစားဆိုင်ရာ ဥပဒေနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဥပဒေများ ပေါ်ပေါက်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့ပြင် မူးယစ်ဆေးဝါး၊ သက်ငယ်မုဒိမ်းမှုနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ ဥပဒေများတွင် ပြစ်မှု၊ ပြစ်ဒဏ်ပိုင်းဆိုင်ရာများအား ပြင်ဆင်ဖြည့်စွက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများ ဥပဒေ၏ အကာအကွယ်အောက်တွင် လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည့် FDI Law နှင့် နိုင်ငံသားများ၏ ကျန်းမာရေးအကာအကွယ်ပေးနိုင်မည့် FDA Law များကိုလည်း လိုအပ်ပါက ပိုမိုပြည့်စုံစေရေး အလေးထားဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက ဥပဒေကြမ်းများ စိစစ်သုံးသပ်ရေးနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဥပဒေကြမ်းကော်မတီ၏ ရုံးခန်းများနှင့် အစည်းအဝေးခန်းမတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

#PAN