မြန်မာ့ဆေးပညာရှင်များ၏ သမိုင်းဝင်အောင်မြင်မှု – အသက် ၂ နှစ်ကျော်အရွယ် ကိုယ်ချင်းဆက်အမြွှာ မိန်းကလေးငယ်နှစ်ဦးကို ရန်ကင်းကလေးဆေးရုံကြီး၌ ခွဲစိတ်မှု အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့

(ပြည်တွင်း)ဇွန် ၁၆

     ​​နိုင်ငံခြားဖြစ်ပညာရှင်များ ပါဝင်ခြင်းမရှိဘဲ မြန်မာနိုင်ငံမှ ဆေးဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများကသာ ဦးဆောင်၍ အသက် ၂ နှစ်နှင့် ၅ လအရွယ်ရှိ ကိုယ်ချင်းဆက်အမြွှာပူး မိန်း ကလေးငယ်နှစ်ဦးဖြစ်သော မကြာညိုသင်းနှင့် မကြာညိုသိမ့်တို့ကို ရန်ကင်းကလေးဆေးရုံကြီး၌ ၉ နာရီကျော်ကြာ အချိန်ယူကာ အောင်မြင်စွာ ခွဲစိတ်ခွဲခွာပေးနိုင်ခဲ့ကြောင်း သိရသည်။

     အဆိုပါ ခွဲစိတ်မှုကြီးကို ဇွန်လ ၁၁ ရက် နံနက် ၁၀:၁၀ နာရီတွင် စတင်ခဲ့ပြီး စုစုပေါင်း ၉ နာရီနှင့် မိနစ် ၃၅ မိနစ်ကြာ မြင့်ခဲ့သည်။ လက်ရှိတွင် ကလေးငယ်နှစ်ဦးစလုံးကို အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ထားရှိကာ ဆေးဘက်ဆိုင်ရာအဖွဲ့များက အနီးကပ် စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိသည်။

     မကြာညိုသင်းနှင့် မကြာညိုသိမ့်တို့ဘသည် ပခုက္ကူမြို့မှတစ် ဆင့် လွှဲပြောင်းလာပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ လ ၈ ရက်တွင် မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီး၌ ခွဲစိတ်မွေးဖွားခဲ့ကြခြင်း ဖြစ်သည်။ ၎င်းနောက် မန္တလေးကလေးဆေးရုံကြီးမှတစ်ဆင့် အသက် ၆ လအရွယ်တွင် ရန်ကင်းကလေးဆေးရုံကြီးသို့ လွှဲပြောင်းကာ အထူးပြုစုစောင့် ရှောက်မှု ခံယူခဲ့ကြသည်။

​     ဤခွဲစိတ်မှု အောင်မြင်နိုင်ရန်အတွက် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများမှ ဝါရင့်ဆေးရုံအုပ်ကြီးများ၊ ကလေးအထူးကုဆရာဝန်ကြီးများ၊ မေ့ဆေးအထူးကုဆရာဝန်ကြီးများ၊ ခွဲစိတ်ဆရာဝန်ကြီးများနှင့် အငြိမ်းစား ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက ကလေးငယ်များ မွေးဖွားချိန်မှစ၍ ၂ နှစ်ကျော်ကြာ စဉ်ဆက်မပြတ် တိုင်ပင်ဆွေးနွေး အစီ အစဉ်ချမှတ်ခဲ့ကြခြင်း ဖြစ်သည်။

     ခွဲစိတ်မှုတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် (ဆေးရုံအုပ်ကြီး) ဒေါက်တာအောင်ထွန်းဦး၏ အထွေထွေစီမံခန့်ခွဲမှုအောက်၌ ခွဲစိတ်အဖွဲ့ (၁) ကို ပါမောက္ခ ဒေါက်တာညိုညိုဝင်း(ကလေးခွဲစိတ်)နှင့် ပါမောက္ခ ဒေါက်တာဖုန်းမြင့် (မေ့ဆေးဗေဒ)တို့က ဦးဆောင်ခဲ့ပြီး၊ ခွဲစိတ်အဖွဲ့ (၂)ကို ပါမောက္ခ ဒေါက်တာမြမြလှိုင် (မန္တလေးကလေးဆေးရုံ) နှင့် ပါမောက္ခ ဒေါက်တာမြစိုး (မေ့ဆေးဗေဒ)တို့က ညီညွတ်စွာ ဦးဆောင်ခဲ့ကြသည်။

     ၎င်းအပြင် ပါမောက္ခ ဒေါက်တာသဇင်မွန် ဦးဆောင်သော ကလေးအထူးကုအဖွဲ့၊ သူနာပြုအုပ် ဒေါ်မိုးယုယုခိုင် ဦးဆောင်သော သူနာပြုအဖွဲ့၊ ဆေးတက္ကသိုလ် (၁) မှ ပါမောက္ခ ဒေါက်တာမိုးမိုးတင် (ခွဲစိတ်)၊ ပါမောက္ခ ဒေါက်တာဝင်းဝင်းကျော် (နှလုံးနှင့်သွေးကြောခွဲစိတ်) နှင့် ပါမောက္ခ ဒေါက်တာစိုင်းအောင်ညွန့်ဦး (အသည်းနှင့်သည်း ခြေလမ်းကြောင်းခွဲစိတ်) စသည့် နယ်ပယ်အသီးသီးမှ ထိပ် တန်းပညာရှင်များ စုပေါင်းပါဝင်ခဲ့ကြသည်။

    ယခုခွဲစိတ်မှုအပါအဝင် မြန်မာနိုင်ငံအနေဖြင့် ကိုယ်ချင်းဆက်အမြွှာပူး ခွဲစိတ်မှုကို ရန်ကင်းကလေးဆေးရုံကြီး၌ ၉ ကြိမ်နှင့် မန္တလေးကလေးဆေးရုံကြီး၌ ၃ ကြိမ်၊ စုစုပေါင်း ၁၂ ကြိမ်တိုင်တိုင် နိုင်ငံခြားကျွမ်းကျင်သူများ မပါဘဲ ပြည် တွင်းဆရာဝန်ကြီးများဖြင့်သာ ရာနှုန်းပြည့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ရာ မြန်မာ့ဆေးပညာလောကအတွက် ဂုဏ်ယူဖွယ် မှတ်ကျောက်တစ်ခု ထပ်မံစိုက်ထူနိုင်ခဲ့ခြင်း ဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

#PAN