
(နိုင်ငံတကာ) ဇွန် ၁၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအပေါ် သုံးရက်ဆက်တိုက် ပြုလုပ်ရန် စီစဉ်ထားသည့် စစ်ရေးအရ ဗုံးကြဲတိုက်ခိုက်မှုများကို ရုတ်တရက် ပြန်လည်ဖျက်သိမ်းလိုက်ကြောင်းနှင့် တီဟီရန်အစိုးရနှင့် သဘောတူညီချက်တစ်ရပ် ရရှိရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း ပြောကြား လိုက်သည်။
အဆိုပါ သဘောတူညီချက် လက်မှတ်ရေးထိုးမည့် “အချိန်နှင့် နေရာ” ကိုလည်း မကြာမီ ရက်ပိုင်းအတွင်း တရားဝင်ထုတ်ပြန် ကြေညာသွားမည်ဟု ဆိုသည်။
ယခု ဆုံးဖြတ်ချက်သည် ပြီးခဲ့သည့် နာရီပိုင်းအလိုက ထွက်ပေါ်ခဲ့သည့် စစ်ရေးအခြေအနေများနှင့်စာလျှင် သိသာထင်ရှားလှသော သံတမန်ရေးရာ အလှည့်အပြောင်းတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သမ္မတထရမ့်သည် အီရန်နိုင်ငံအား “အလွန်ပြင်းထန်စွာ” တိုက်ခိုက်ချေမှုန်းသွားမည်ဟု သတိပေးခဲ့ပြီး၊ အမေရိကန်စစ်တပ်အနေဖြင့် အီရန်၏ အဓိကစီးပွားရေးအသက်သွေးကြောဖြစ်သော ခတ်ခ်ကျွန်း (Kharg Island) နှင့် ရေနံအခြေခံအဆောက်အအုံ နေရာများကိုပါ သိမ်းပိုက်သွားမည်ဟု ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ရေးရှိန်ကို ပြန်လည်လျှော့ချခဲ့ခြင်း ဖြစ်သည်။
နေတိုး (NATO) ကာကွယ်ရေးကောလိပ်မှ နိုင်ငံတကာလုံခြုံ ရေးကျွမ်းကျင်သူ ရစ်ချက်ဝိုက်ဇ် (Richard Weitz) က အမေရိကန်သမ္မတ၏ လုပ်ရပ်သည် စစ်ပွဲကို အဆုံးသတ်ရန် ဖိအားပေးသည့်အနေဖြင့် ပဋိပက္ခကို ပိုမိုပြင်းထန်အောင် အကွက်ချခြိမ်းခြောက်သည့် ‘Escalate to De-escalate’ မဟာဗျူဟာကို အသုံးပြုကာ သံတမန်ရေးရာ ထိုးဖောက်ကျော်ဖြတ်မှုကို ရယူခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။
ထို့အပြင် အိမ်ဖြူတော်အတွင်း၌ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ စစ်ရေးအရှိန်မြှင့်တင်မှုများက သံတမန်ရေးရာ ကြိုးပမ်းမှုများကို ဟန့်တားနှောင့်ယှက်မိနိုင်ခြေအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေသဖြင့် သမ္မတထရမ့်က အစ္စရေးကို ထိန်းချုပ်ကာ သံတမန်ရေးအတွက် အချိန်ပေးရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။
တီဟီရန်မြို့ရှိ အဆင့်မြင့်အရာရှိတစ်ဦး၏ အဆိုအရ အမေရိကန်နှင့် ချုပ်ဆိုမည့် နားလည်မှုစာချွန်လွှာ (MOU) မူကြမ်းကို အီရန်ထိပ်တန်းခေါင်းဆောင်ပိုင်းက သေချာစွာ သုံးသပ်နေကြောင်း အတည်ပြုခဲ့ပြီး၊ အစိုးရအနေဖြင့် ရရှိလာမည့် သဘော တူညီချက်မှတစ်ဆင့် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းခံရရန် မျှော်လင့်နေသည်။
သို့သော်လည်း စစ်ပွဲ၏ ၁၀၅ ရက်မြောက်နေ့ ကြာသပတေး နေ့တွင် အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC) က အမေရိကန်၏ ဒုတိယမြောက်နေ့ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဘာရိန်း၊ ကူဝိတ်နှင့် ဂျော်ဒန်နိုင်ငံတို့ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုများကို တိုက်ခိုက်ခဲ့သည့်အပြင်၊ ကမ္ဘာ့ရေနံသယ်ယူပို့ ဆောင်ရေးတွင် အချက်အချာကျသော ဟော်မုဇ်ရေလက် ကြား (Strait of Hormuz)ကို လုံးဝပိတ်သိမ်းလိုက်ကြောင်း တရားဝင်ကြေညာခဲ့သည်။
အမေရိကန်နှင့် အီရန်ကြား သံတမန်ရေးအရ လှုပ်ခတ်နေသော်လည်း လက်ဘနွန်တောင်ပိုင်းတွင်မူ အစ္စရေးစစ်တပ်၏ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့က ဒရုန်း၊ မစ်ဆိုင်းနှင့် ရော့ကတ်များဖြင့် အစ္စရေးတပ်ဖွဲ့များကို ၂၄ ကြိမ်ထက်မနည်း ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း၊ အစ္စရေး၏ စစ်ဆင်ရေးများကြောင့် လက်ဘနွန်နိုင်ငံအတွင်း သေဆုံးသူပေါင်း ၃,၇၁၁ ဦးအထိ ရှိလာခဲ့ပြီး ဒဏ် ရာရရှိသူ ၁၁,၄၈၃ ဦးအထိ မြင့်တက်လာကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
Telegram»…
https://t.me/positiveanglenews
#PAN