(ပြည်တွင်း) ဇွန် ၁၂
ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် ဒေသအချို့တွင် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) များကို ဆောင်ရွက်လျက်ရှိပြီး ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် နယ်မြေများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ဆက်လက်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ချင်းပြည်နယ်ရှိ ဖလမ်းမြို့၊ တွန်းဇံမြို့နှင့် တီးတိန်မြို့များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လိုအပ်သည့် ပစ္စည်းများကို ယနေ့တွင် မန္တလေးမြို့မှ တပ်မတော်လေယာဉ်ဖြင့် ကလေးမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပို့ဆောင်မှုတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအဖြစ် ဘိလပ်မြေ ၂၀၀ အိတ်၊ သွပ် ၂၁၅၀ ချပ်၊ သံ ၉ ဖာနှင့် ဝါရှာကွင်း ၁ ဖာတို့ ပါဝင်ခဲ့ပြီး၊ ပညာရေးကဏ္ဍအတွက် ကျောင်းသုံးသင်ရိုးညွှန်းတမ်းစာအုပ် ၂၇၂ အုပ်ကိုလည်း ထည့်သွင်းပေးပို့ခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်သူလူထုစားဝတ်နေရေးအထောက်အကူပြုရန် ဆန် ၈၄၀ အိတ်နှင့် ဆီ ၃၇၁ ပိဿာတို့ကိုလည်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။
လေယာဉ်ဖြင့် ရောက်ရှိလာသည့် အဆိုပါပစ္စည်းများကို ကလေးမြို့ရှိ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး သက်ဆိုင်ရာမြို့နယ်များသို့ ဆက်လက်ဖြန့်ဖြူးပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် ဒေသ၏ လိုအပ်ချက်များကို အခြေခံကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး နယ်မြေအေးချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဆက်လက်အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN