အီရန်စစ်ပွဲကို အဆုံးသတ်စေမည့် အစီအမံကို အမေရိကန်အောက်လွှတ်တော်က မဲခွဲအတည်ပြု၊ ထရမ့်အတွက် ထိုးနှက်ချက်ဖြစ်လာ

(နိုင်ငံတကာ) ဇွန် ၄

     ရီပတ်ဘလီကန်ပါတီက အများစုအဖြစ် ဦးဆောင်ထားသည့် အမေရိကန်အောက်လွှတ်တော်သည် သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အီရန်အပေါ် ဆင်နွှဲနေသည့် စစ်ပွဲကို ဆက် လက်လုပ်ဆောင်ခြင်းမှ တားဆီးပိတ်ပင်ရန် ရည်ရွယ်သည့် စစ်ပွဲဆိုင်ရာလုပ်ပိုင်ခွင့်အာဏာ ဆုံးဖြတ်ချက် (War Powers Resolution) ကို ဗုဒ္ဓဟူးနေ့တွင် မဲခွဲအတည်ပြုခဲ့သည်။ ဤလုပ်ရပ်သည် စစ်ပွဲသက်တမ်း ၄ လထဲသို့ ရောက်ရှိလာချိန်တွင် ထရမ့်၏ စစ်ပွဲကိုင်တွယ်ပုံအပေါ် ရီပတ်ဘလီကန်ပါတီဝင်များအကြား စိုးရိမ်ပူပန်မှုနှင့် မသက်မသာဖြစ်မှုများ မြင့်တက်လာခြင်းကို ထင်ဟပ်နေသည်။

     အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ၌ ၂၁၅ မဲ၊ ၂၀၈ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ပြီး၊ ကွန်ဂရက်လွှတ်တော်က တရားဝင်စစ်ကြေညာခြင်း သို့မဟုတ် စစ်ရေးအရ အင်အားသုံးစွဲခွင့် အာဏာအပ်နှင်းခြင်း မရှိပါက အီရန်နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းရန် ဤဆုံး ဖြတ်ချက်က သမ္မတထရမ့်ကို ညွှန်ကြားထားသည်။ ဤမဲခွဲမှုတွင် ရီပတ်ဘလီကန်ပါတီဝင် အောက်လွှတ်တော်အမတ် ၄ ဦးဖြစ်ကြသည့် တွမ် ဘာရက် (Tom Barrett)၊ ဝါရင် ဒေးဗစ်ဆန် (Warren Davidson)၊ ဘရိုင်ယန် ဖစ်ဇ်ပက်ထရစ် (Brian Fitzpatrick) နှင့် သောမတ်စ် မာဆီ (Thomas Massie)တို့က ပါတီလိုင်းကို ကျော်လွန်၍ ဒီမိုကရက်များနှင့် ပူးပေါင်းကာ ထောက်ခံမဲပေးခဲ့ကြသည်။

     လပေါင်းများစွာအတွင်း သမ္မတထရမ့်၏ မူဝါဒများကို ကန့် ကွက်သူ ရှားရှားပါးပါးသာ ရှိခဲ့သော်လည်း၊ မကြာသေးမီကစ၍ ကွန်ဂရက်လွှတ်တော်အတွင်းရှိ ရီပတ်ဘလီကန်အမတ်အချို့၏ တွန်းလှန်မှုများနှင့် ထရမ့် ရင်ဆိုင်နေရသည်။ ဗုဒ္ဓဟူးနေ့တွင် အီရန်စစ်ပွဲကိစ္စအပြင် အောက်လွှတ် တော်သည် ရုရှားကျူးကျော်မှုကို ခုခံနေရသည့် ယူကရိန်းနိုင်ငံသို့ လုံခြုံရေးအကူအညီများ ပေးအပ်မည့် “ယူကရိန်းထောက်ခံမှုအက်ဥပဒေ (Ukraine Support Act)” ကို မဲခွဲနိုင်ရန် လမ်းခင်းပေးသည့် လုပ်ထုံး လုပ်နည်းဆိုင်ရာ အဆိုကိုလည်း အတည်ပြုခဲ့သည်။ အဆိုပါ ယူကရိန်းအရေးတွင်လည်း ရီပတ်ဘလီကန် ၆ ဦးနှင့် တစ်သီးပုဂ္ဂ လ ၁ ဦးတို့က ထောက်ခံမဲ ပေးခဲ့ကြသည်။

     ထို့ပြင် မိမိ၏ နိုင်ငံရေးမဟာမိတ်များကို ငွေကြေးထောက်ပံ့ရန် ထရမ့် စီစဉ်နေသည့် “လက်နက်သဖွယ်အသုံး ချမှု (Weaponization)” ရန်ပုံငွေ တည်ထောင်မည့်အစီ အစဉ်ကို ရီပတ်ဘလီကန်များက မကြာသေးမီက ဆန့်ကျင်ခဲ့ကြသလို၊ အမျိုးသားထောက်လှမ်းရေး ယာယီညွှန်ကြားရေးမှူးအဖြစ် အမျိုးသားလုံခြုံရေးအတွေ့အကြုံ လုံးဝမရှိဘဲ ထရမ့်အပေါ် သစ္စာစောင့်သိသူ ဘီလ် ပူးလ်တီ (Bill Pulte) ကို ခန့်အပ်ခဲ့ခြင်းအပေါ်တွင်လည်း ရီပတ်ဘလီကန် ဥပဒေပြုအမတ်များက ပြင်း ပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့ကြသည်။

     ဒီမိုကရက်အမတ်များသည် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ကြေညာပိုင်ခွင့်မှာ ကွန်ဂရက်လွှတ်တော်တွင်သာ ရှိကြောင်း ထောက်ပြပြီး ထရမ့်အနေဖြင့် လွှတ်တော်၏ အတည် ပြုချက်ကို ရယူရန် တောင်းဆိုထားသည်။ ၎င်းတို့က ထရမ့်သည် တိကျသော မဟာဗျူဟာမရှိဘဲ တိုင်းပြည်ကို အရှေ့အလယ်ပိုင်း ၌ အဆုံးသတ်မရှိသည့် ရေရှည်စစ်ပွဲတစ်ခုအတွင်းသို့ ဆွဲသွင်းနေကြောင်း သတိပေးခဲ့ကြသည်။

     ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်-အစ္စရေး ပူးပေါင်း၍ အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများ စတင်ကတည်းက ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုစရိတ်များ မြင့်တက်လာမှုကြောင့် အမေရိကန်၏ ထုတ်လုပ်သူစျေးနှုန်းအညွှန်းကိန်း (Producer prices) သည် ဧပြီလတွင် လေးနှစ်တာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့ပြီး ဓာတ်ဆီနှင့် အစားအစာ ဈေးနှုန်းများ အဆမတန် မြင့်တက်လာခဲ့သည်။ လာမည့် နိုဝင်ဘာလ ကြားဖြတ်ရွေး ကောက်ပွဲတွင် ဒီမိုကရက်များက ကုန်ဈေးနှုန်းသက်သာရေးကို အဓိက စီးပွားရေးဆိုင်းဘုတ်အဖြစ် အသုံးပြုရန် ပြင် ဆင်နေသည်။

     ယခုဆုံးဖြတ်ချက်ကို ကမကထပြုသူ ဒီမိုကရက်အမတ် ဂရီဂိုရီ မိခ်စ် (Gregory Meeks)က “ဒီမဲခွဲမှုဟာ အချိုးအကွေ့တစ်ခုပါပဲ၊ အရှေ့အလယ်ပိုင်းမှာ နောက်ထပ် စစ်ပွဲရှည်ကြီးကို မလို ချင်တော့တဲ့ ပြည်သူတွေရဲ့အသံကို ရီပတ်ဘလီကန်အမတ်တွေ ပိုပြီး နားထောင်လာကြပါပြီ” ဟု ပြောကြားခဲ့သည်။

ထရမ့်အစိုးရအဖွဲ့ကမူ အီရန်နိုင်ငံ နျူကလီးယားလက် နက် ပိုင်ဆိုင်လာခြင်းကို တားဆီးရန် ယခုစစ်ပွဲသည် အမျိုးသားလုံခြုံရေးအတွက် မဖြစ်မနေလိုအပ်ကြောင်း အခိုင် အမာဆိုထားပြီး၊ စစ်ပွဲကိုထောက်ခံသည့် ရီပတ်ဘလီကန်များကမူ ယခုဥပဒေကြမ်းမှာ သမ္မတကို သိက္ခာချရန် ဒီမိုကရက်များ၏ နိုင်ငံ ရေးပြကွက်မျှသာ ဖြစ်ကြောင်း ပြန်လည်တုံ့ ပြန်ထားသည်။

     လက်ရှိတွင် ဤဆုံးဖြတ်ချက်သည် အောက်လွှတ်တော် ၌ အတည်ပြုနိုင်ခဲ့သော်လည်း ဥပဒေအဖြစ် အသက်ဝင်ရန် အထက်လွှတ်တော် (ဆီနိတ်)တွင်ပါ ထပ်မံအတည်ပြုချက်ရရှိရန် လိုအပ်နေသေးသည်။

Telegram»…
https://t.me/positiveanglenews

#PAN