
(နိုင်ငံတကာ)မေ ၃၁
လာအိုနိုင်ငံအလယ်ပိုင်း တောင်ထူထပ်သော ဆိုင်စုံဘွန်း (Xaisomboun)ပြည်နယ်ရှိ ရေလွှမ်းမိုးနေသော ဂူတစ်ခုအတွင်း ရွှေနှင့် တွင်းထွက်ပစ္စည်းများ ဝင်ရောက်ရှာဖွေရင်း ပိတ်မိနေခဲ့သည့် ရွာသားများအနက် အမျိုးသားလေးဦးကို ကယ်ဆယ်ရေးအဖွဲ့များက စနေနေ့တွင် ထပ်မံကယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။
သောကြာနေ့က ပထမဆုံးရွာသားတစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီးနောက် ယခုအခါ ဘေးကင်းစွာ ကယ်ထုတ်နိုင်သူ စုစုပေါင်း ငါးဦး ရှိလာပြီဖြစ်သော်လည်း အခြားလူနှစ်ဦးမှာမူ ဂူအတွင်းပိုင်း၌ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
“Thailand Rescue Diver” ၏ ထုတ်ပြန်ချက်အရ နိုင်ငံ တကာမှ ရေငုပ်အဖွဲ့များ ပူးပေါင်းပါဝင်သည့် အဆိုပါ ကယ် ဆယ်ရေးစစ်ဆင်ရေးတွင် စနေနေ့ မွန်းလွဲ ၃:၁၀ နာရီခန့်၌ အရေးပေါ်ကယ်ဆယ်ရေးအရာရှိများက ပိတ်မိနေသူ လေးဦးကို ဂူအပြင်ဘက်သို့ ထပ်မံခေါ်ထုတ်နိုင်ခဲ့ခြင်း ဖြစ် သည်။
ဂူအတွင်းရှိ ရေမျက်နှာပြင်သည် သိသိသာသာ ပြန် လည်ကျဆင်းသွားခဲ့သဖြင့် ပိတ်မိနေသည့် အမျိုးသားများ သည် ၎င်းတို့ထံသို့ ရောက်ရှိလာသည့် ရေငုပ်သမားများနှင့်အတူ လမ်း လျှောက်၍လည်းကောင်း၊ ရေကူး၍လည်းကောင်း လမ်း ကြောင်းကျဉ်းများအတိုင်း ပြန်လည်ထွက်ခွာလာနိုင်ခြင်း ဖြစ် ကြောင်း သိရသည်။
အဆိုပါ ရွာသားတစ်စုသည် ပြီးခဲ့သည့် မေလ ၁၉ ရက် သို့မဟုတ် ၂၀ ရက်ခန့်ကတည်းက ရွှေရှာရန် ဂူအတွင်းသို့ ဝင်ရောက်ခဲ့ကြခြင်းဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးကာ ဂူဝပိတ်ဆို့ပြီး မြေအောက်တွင် ၁၀ ရက်ခန့် ဖြတ်တောက်ခံခဲ့ရခြင်း ဖြစ်သည်။
အချိန်မီ လွတ်မြောက်လာခဲ့သည့် ၈ ဦးမြောက် ရွာသားတစ်ဦး၏ အကြောင်းကြားမှုကြောင့် အာဏာပိုင်များက ရှာဖွေရေး စတင်ခဲ့ခြင်းဖြစ်ပြီး၊ လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က ဂူဝမှ မီတာ ၃၀၀ (ပေ ၉၈၀ ခန့်) အကွာရှိ ကျောက်ဆောင်လျှိုမြောင်တစ်ခုပေါ်တွင် ၎င်းတို့ကို အသက်ရှင်လျက် စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အပြင်သို့ ရောက်ရှိလာသည့် ရွာသားများသည် တစ်ကိုယ်လုံး ရွှံ့များပေကျံနေပြီး အားအင်ချိနဲ့ကာ အချို့မှာ ဂူဝ၌ပင် လဲကျသွားခဲ့သဖြင့် ကယ်ဆယ်ရေးသမားများက အောက်ဆီဂျင်မျက် နှာဖုံးများ တပ်ဆင်ပေးခြင်း၊ သတ္တုပါးစောင်များ ခြုံပေးခြင်းတို့ဖြင့် အရေးပေါ် ပြုစုစောင့် ရှောက်ခဲ့ကြသည်။
လက်ရှိတွင် ကယ်ဆယ်ရေးအဖွဲ့များ သည် အသက်ရှင်ကျန် ရစ်သူများကို တွေ့ရှိခဲ့သည့်နေရာထက် မီတာ ၂၀ မှ ၂၅ မီတာခန့် ပိုမိုနက်ရှိုင်းသည့် အပိုင်းအထိ တိုးဝင်ကာ ပျောက်ဆုံးနေဆဲဖြစ်သော ကျန်ရှိသူ အမျိုးသားနှစ်ဦးကို ဆက်လက်ရှာဖွေရန် ပြင် ဆင်နေကြသော်လည်း အဆိုပါ အတွင်းပိုင်းလမ်းကြောင်းမှာ ရေအလွန်အမင်း လွှမ်းမိုးနေဆဲဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN