ကွန်ဂိုနိုင်ငံသို့ WHO အကြီးအကဲ သွားရောက်စဉ် ရက်ပိုင်းအတွင်း အတည်ပြု အီဘိုလာလူနာဦးရေ နှစ်ဆနီးပါး မြင့်တက်လာ

(နိုင်ငံတကာ)မေ ၃၁

     ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့ပိုင်းမှာ ဖြစ် ပွားနေတဲ့ အသက်အန္တရာယ်ရှိ အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှုဟာ စိုးရိမ်စရာကောင်းလောက်အောင် မြန်ဆန်နေပြီး ရက်ပိုင်းအတွင်း အတည်ပြုလူနာဦးရေဟာ ၁၂၁ ဦးကနေ ၂၂၅ ဦးအထိ နှစ်ဆနီးပါး မြင့်တက်လာခဲ့ပါတယ်။

     အဆိုပါ အခြေအနေကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ် အက်ဟာနွန် ဂီဘရီယေဆု ဟာ ကူးစက်မှုဗဟိုချက်ဖြစ်တဲ့ အီတူရီ (Ituri) ပြည်နယ် မြို့တော် ဘူနီယာသို့ စနေနေ့က အရေးပေါ် သွား ရောက်ခဲ့ပြီး ရောဂါထိန်းချုပ်ရေးမှာ ဒေသခံလူထုကိုယ် တိုင် အဓိကဦးဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

     ယခု ကူးစက်ပြန့်ပွားမှုကို ဖြစ်ပွားစေတာကတော့ ကာကွယ် ဆေး သို့မဟုတ် ကုသထုံး မရှိသေးတဲ့ ရှားပါးပြင်း ထန် ဗိုင်းရပ်စ်အမျိုးအစားဖြစ်တဲ့ ‘ဘန်ဒီဘူဂျို’ (Bundibugyo) ဗိုင်းရပ်စ်ဖြစ်ပြီး WHO က ၎င်းကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာထားကာ၊ နယ်စည်းမခြားဆရာ ဝန်များအဖွဲ့ (MSF)ကလည်း သမိုင်းတစ်လျှောက် အလျင်မြန်ဆုံး ပြန့် ပွားနေတဲ့ အီဘိုလာကူးစက်မှုအဖြစ် သတ်မှတ်ထားပါတယ်။ လက်ရှိမှာ ကွန်ဂိုအတွင်း သံသယလူနာ ၁,၀၂၈ ဦးနဲ့ သေဆုံးသူ ၂၂၀ ကျော် ရှိနေသလို အိမ်နီးချင်း ယူဂန်ဒါနိုင်ငံသို့ပါ ကူးစက်ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

     သို့သော်လည်း ကွန်ဂိုနိုင်ငံအရှေ့ပိုင်းက ရေရှည်စစ်ပွဲပဋိပက္ခများ၊ ISIL နှင့် ဆက်နွှယ်သည့် ADF လက်နက်ကိုင်များနှင့် တိုင်း ရင်းသားပြည်သူ့စစ်များ၏ ရန်ပြုမှုများကြောင့် ကယ်ဆယ်ရေးအဖွဲ့များမှာ တိုက်ခိုက်ခြင်း ခံနေရပါတယ်။ ၎င်းအပြင် ရုပ်အလောင်းကိုင်တွယ်မှု စည်းမျဉ်းများက ဒေသခံတို့၏ သင်္ဂြိုဟ်ခြင်းဓလေ့များနှင့် ကွဲလွဲနေသဖြင့် ကျန်းမာရေးစင်တာများ တိုက်ခိုက်ခံရမှု သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

     တစ်ချိန်တည်းမှာပင် ဒေသတွင်းနိုင်ငံများသည် သတိပြုစောင့်ကြည့်လျက်ရှိသည်။ ယူဂန်ဒါနှင့် ရဝမ်ဒါ နှစ်နိုင်ငံစလုံးက ကွန်ဂိုနှင့် ထိစပ်နေသော ၎င်းတို့၏ နယ်စပ်များကို ပိတ်ပစ်ခဲ့ပြီး၊ ဝါရှင်တန် (အမေရိကန်အစိုးရ) ကမူ မကြာသေးမီက ကွန်ဂို၊ ယူဂန်ဒါ သို့မဟုတ် တောင်ဆူဒန်နိုင်ငံများသို့ သွားရောက်ခဲ့ဖူးသည့် ခရီးသွားအများစုကို ၎င်းတို့နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယခုကဲ့သို့ ခြေလှမ်းမျိုးမလုပ်ရန် အကြံပြုထားပြီး၊ နယ်စပ်ပိတ်ဆို့ခြင်းများ သည် နိုင်ငံများအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှုများကို ပွင့်ပွင့်လင်းလင်း သတင်းပို့တင်ပြရန် တွန့်ဆုတ်သွားစေနိုင်သောကြောင့် ထိရောက်မှုမရှိကြောင်း တက်ဒရိုစ်က ပယ်ချခဲ့သည်။

     အရှေ့အာဖရိက ရှစ်နိုင်ငံအဖွဲ့အစည်းဖြစ်သည့် အစိုးရအချင်းချင်း ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (IGAD) မှ ကျန်းမာရေးဝန်ကြီးများသည် ယခုသီတင်းပတ်အတွင်း တွေ့ဆုံခဲ့ကြပြီး ဒေသတွင်း ကာကွယ်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၇ သန်းခန့်ကို ပြောင်းလဲအသုံး ပြုရန် သဘောတူညီခဲ့ကြသည်။

     လက်ရှိတွင် ဥရောပသမဂ္ဂ (EU)က ဆေးဝါးများ ထောက်ပံ့ပေးပို့ထားပြီး အမေရိကန်က ဒေါ်လာ ၁၁၂ သန်းကျော် ကူညီရန် ကတိပြုထားသော်လည်း အာဖရိက ရောဂါထိန်းချုပ်ရေးဗဟိုဌာန (Africa CDC)က ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေမှာ ဒေါ်လာ ၄၉၈ သန်းမှ ဒေါ်လာ ၂၁၉ သန်းအထိ ထက်ဝက်ကျော် လျော့နည်းသွားကြောင်း သတိပေးထားပါတယ်။

     ယခုသီတင်းပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရောဂါပျောက်ကင်းသက်သာသူတစ်ဦး ရှိလာခဲ့ပြီး WHO အနေဖြင့် စမ်းသပ်ဆဲဆေးဝါးများကို ဆန်းစစ်ရန် ကွန်ဂို၊ ယူဂန်ဒါတို့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကာ ရောဂါကို ပြန်လည်ထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း WHO အကြီးအကဲက ဆိုပါတယ်။

Telegram»…
https://t.me/positiveanglenews

#PAN