ပြဋ္ဌာန်းပြီးဖြစ်သည့် ဥပဒေများကို ဥပဒေပြုရေးဆိုင်ရာကော်မတီမှ  ပြန်လည်သုံးသပ်ဖို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ တိုက်တွန်း

(လွှတ်တော်) မေ ၂၉

မွန်ပြည်နယ်လွှတ်တော်မှ ပြဋ္ဌာန်းပြီးဖြစ်သည့် ဥပဒေများကို ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ ပြန်လည်သုံးသပ်ပေးစေလိုပြီး ခေတ်ကာလနှင့်လျော်ညီမှုမရှိသည့်ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်းနှင့် အသစ်ရေးဆွဲခြင်း များပြုလုပ်စေလိုတယ်လို့ ဥပဒေပြုရေးဆိုင်ရာကော်မတီကို မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးသက်ထွေးမှ တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။

ယနေ့ မေလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ ပြုလုပ်သည့် မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ တိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးသက်ထွေး၊ ဒုတိယဥက္ကဋ္ဌ မင်းအောင်မြင့် မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ တက်ရောက်ကြပြီး မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များမှ မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေ အခန်း (၃)နှင့် အခန်း ၄ တို့တွင် ပြင်ဆင်၊ ဖြည့်စွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။

#PAN