ဟော်မုဇ်ရေလက်ကြား သဘောတူညီချက် သတင်းကို ထရန့် ပယ်ချပြီးနောက် အမေရိကန်နှင့် အီရန်အကြား အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွား

(နိုင်ငံတကာ)မေ ၂၈

    ​​​​​ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပြန်လည်ဖွင့်လှစ်မည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သတင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပယ်ချပြီးနောက်၊ အမေရိကန်နှင့် အီရန်အကြား စစ်ရေးအရ အပြန် အလှန် တိုက်ခိုက်မှုများ ထပ်မံပေါ်ပေါက်လာပြီး ကြွပ်ဆတ်နေသော အပစ်ရပ်ရေး ဆွေးနွေးပွဲများ ပိုမိုတင်းမာလာခဲ့သည်။

     အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ကြေညာချက်အရ ကြာသပတေးနေ့ နံနက်အစောပိုင်းတွင် အမေရိကန်စစ်တပ်က အီရန်တောင်ပိုင်း ဘန်ဒါအာဘတ်စ် (Bandar Abbas) လေဆိပ်အနီးသို့ ဝေဟင်မှ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်၊ ၎င်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည့် အမေရိကန်လေတပ်အခြေစိုက်စခန်းကို နံနက် ၄:၅၀ နာရီတွင် ဒုံးကျည်များဖြင့် ပြန် လည်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

     IRGC က အဆိုပါ အခြေစိုက်စခန်း တည်ရှိရာနေရာကို အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း၊ ကူဝိတ်စစ်တပ်ကမူ ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်သည် ကြာသပတေးနေ့က “ရန်သူ့” တိုက်ခိုက်မှုတစ်ခုကို တုံ့ပြန်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

     အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက ရိုက်တာသတင်းအေဂျင်စီသို့ ပြောကြားရာတွင် အမေရိကန်စစ်တပ်သည် အီရန်၏ တိုက်ခိုက်ရေးဒရုန်း လေးစင်းကို ပစ်ချခဲ့ပြီး၊ ပဉ္စမမြောက်ဒရုန်းကို လွှတ်တင်ရန် ပြင်ဆင်နေသည့် ဆိပ်ကမ်းမြို့ ဘန်ဒါအာဘတ်စ်ရှိ မြေပြင်ထိန်းချုပ်ရေးစခန်းတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

     “ဒီလုပ်ရပ်တွေဟာ သင့်တင့်မျှတမှုရှိပြီး၊ လုံးဝ ကာကွယ်ရေးသက်သက်ဖြစ်ကာ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်း သိမ်းထားဖို့ ရည်ရွယ်တာဖြစ်ပါတယ်” ဟု အဆိုပါ အရာရှိက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

     ယခုတိုက်ခိုက်မှုသည် အပစ်ရပ်စဲရေး ကြေညာပြီးနောက်ပိုင်း နှစ်ဖက်စလုံး တိုက်ရိုက်စစ်ရေးအရ ရင်ဆိုင်တွေ့ကြသည့် တတိယအကြိမ်မြောက် ဖြစ်သော်လည်း၊ ဝါရှင်တန်နှင့် တီဟီရန်နှစ်ဖက်စလုံးက အပစ်ရပ်ရေး သဘောတူညီချက် ပျက်ပြားသွားပြီဟု ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

     စစ်ရေးအရ တင်းမာမှုများ မဖြစ်ပွားမီ ဗုဒ္ဓဟူးနေ့ အစိုးရအဖွဲ့အစည်းအဝေးတွင် သမ္မတ ထရန့်က အီရန်နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွှင့်ခဲ့သည့် ဟော်မုဇ်ရေလက်ကြား ပူးတွဲစီမံခန့်ခွဲရေးနှင့် ရက်ပေါင်း ၃၀ အတွင်း ကုန်သွယ်ရေးသင်္ဘောများ ပြန်လည်သွားလာခွင့်ပြုမည့် အပြည့်အစုံပါဝင်သော “အလွတ်သဘော သဘောတူညီချက်မူကြမ်း” သတင်းကို လုံးဝပယ်ချခဲ့သည်။

     ထရန့်က ဟော်မုဇ်ရေလက်ကြားသည် နိုင်ငံတကာပိုင်ရေပြင်ဖြစ်ပြီး မည်သည့်နိုင်ငံကိုမျှ ထိန်းချုပ်ခွင့်ပေးမည်မဟုတ်ကြောင်း၊ ကြားဝင်ညှိနှိုင်းပေးနေသည့် အိုမန်နိုင်ငံအနေဖြင့် စည်းကမ်းတကျမနေပါက “မှုတ်ထုတ်ပစ်ရလိမ့်မည်” ဟုပါ ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ၎င်းအပြင် အမေရိကန်အနေဖြင့် အီရန်အပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို လျှော့ချပေးရန် ဆွေးနွေးနေခြင်းမရှိကြောင်း အခိုင်အမာဆိုသည်။

     ထရန့်၏ ပြောကြားချက်အပေါ် အီရန်လွှတ်တော် အမျိုး သားလုံခြုံရေးကော်မတီဥက္ကဋ္ဌ အီဘရာဟင် အာဇီဇီက “ထရန့်ဟာ မဟာဗျူဟာမြောက် ပိတ်မိနေတဲ့ အခြေအနေကနေ ထွက်ပေါက်ရှာဖို့ ခြိမ်းခြောက်လိုက်၊ အသနားခံလိုက် လုပ်နေတာဖြစ်ပြီး အီရန်အနေနဲ့ မိမိတို့တောင်းဆိုချက်တွေကနေ ဆုတ်ခွာမှာမဟုတ်ဘူး” ဟု X တွင် တုံ့ပြန်ခဲ့သည်။

     အမေရိကန်-အီရန် စစ်ရေးအရ အပြန်အလှန် တိုက်ခိုက်မှု သတင်းများ ထွက်ပေါ်လာပြီးနောက် ပြီးခဲ့သည့်ရက်က ၅ ရာခိုင် နှုန်းကျော် ကျဆင်းသွားခဲ့သည့် ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းများ သည် ၃ ရာခိုင်နှုန်းကျော် ပြန်လည်မြင့်တက်လာခဲ့ပြီး၊ စတော့ရှယ်ယာများ ပြန်လည်ကျဆင်းကာ အမေရိကန်ဒေါ်လာစျေး ပြန်လည်မြင့်တက်လာခဲ့သည်။

Telegram»…
https://t.me/positiveanglenews

#PAN